ပန်ဒါစက်ရုံပိုင်ရှင် ကြေညာချက် အလုပ်သမားတွေ လက်မခံ
2016.06.16

တရားစွဲခံထားရတဲ့ ပုလိပ်မြို့ ပန်ဒါချည်မျှင်နဲ့အထည်စက်ရုံပိုင်ရှင်က အလုပ်သမားတွေကို ဖြတ်တောက်ခဲ့တဲ့ အချိန်ပိုလုပ်ခလစာတွေပေးမယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြီး အသိပေးလိုက်ပါတယ်။
သပိတ်မှောက် အလုပ်သမားတွေအနေနဲ့ အဲ့ဒီငွေကို အခုချိန်မှာမထုတ်သေးဘဲ တရားရုံးအမိန့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဇာခြည်ဝင်းက ပြောပါတယ်။
"မနေ့ကညပိုင်းမှာ ကျမတို့ခေါင်းဆောင်တွေကို ခေါ်ပြောတယ်ပေါ့၊ အလုပ်ရှင်က ဖြတ်တောက်ထားတဲ့ ပိုက်ဆံတွေကို ပြန်ပေးမယ်ဆိုတဲ့အကြောင်းခေါ်ပြောတယ်၊ အရင်တုန်းက သူတို့ပဲ ဥပဒေကြောင်းအရဖြတ် တာပါ၊ ဥပဒေနဲ့အညီ လုပ်တာပါဆိုပြီး အခုဥပဒေအရ အရေးယူခံရတော့မယ်ဆိုမှ ကျမတို့ကိုပေးပါမယ် ဆိုပြီး ချွေးသိပ်တဲ့ဟာမျိုးလုပ်နေတယ်၊ ဒါပေမဲ့ ကျမတို့ဝန်ထမ်းအများစုရဲ့ သဘောဆန္ဒကတော့ ဖြတ်တောက် ထားတဲ ပိုက်ဆံတွေကို သူတို့လာထုတ်ပေးတယ်ဆိုရင်လည်း လတ်တလောမှာတော့ ကျမတို့ ထုတ်ဖို့အစီအစဉ် မရှိသေးဘူး"
ပြည်သူပိုင် ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံကို ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပန်ဒါကုမ္ပဏီက စက်မှုဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ဆိုပြီး နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခဲ့တာပါ။ အဲဒီစာချုပ်ကို ပိုင်ရှင်ဘက်က ချိုးဖေါက်တဲ့အတွက် အလုပ် သမားတွေက အခုဆိုရင် ၃ နှစ်အတွင်း ၃ ကြိမ်မြောက် သပိတ်မှောက် ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ အလုပ်ရှင်-အလုပ်သမား သဘောတူစာချုပ်ဖေါက်ဖျက်မှုနဲ့ ပန်ဒါကုမ္ပဏီပိုင်ရှင်ကို အလုပ်သမားဦးစီးဌာနက တရားစွဲလိုက်ပြီး၊ လာမယ့် ဇွန်လ ၂၃ ရက်နေ့ကျရင် စဉ့်ကိုင်မြို့နယ် တရားရုံးမှာ ပထမဆုံးရင်ဆိုင်ရမှာဖြစ်ပါတယ်။
ပုလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံက အလုပ်ရှင်-အလုပ်သမား ပြဿနာနောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး မဇာခြည်ဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထား တာ နားဆင်နိုင်ပါပြီ။