ပန်ဒါစက်ရုံလုပ်သား မြို့ထဲလှည့် ဆန္ဒပြ
2016.06.21

မန္တလေးတိုင်း ပလိပ်မြို့မှာရှိတဲ့ ပန်ဒါချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံမှာ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ကို အလုပ်ရှင်ဘက်က ဖောက်ဖျက်နေတယ်ဆိုပြီး ၁၈ ရက်ကြာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ်သမားတွေဟာ ဒီနေ့ ပလိပ်မြို့တစ်ပတ်လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
စက်မှုဝန်ကြီးဌာနက လာရောက်ညှိနှိုင်း ဖြေရှင်းပေးတာ မရှိတာကြောင့် အမြန်ဆုံးလာရောက်ညှိနှိုင်းပေး ဖို့ တောင်းဆိုကြတာဖြစ်တယ်လို့ အလုပ်သမား မဇာခြည်ဝင်း က ပြောပါတယ်။
"ဆန္ဒပြတယ်ဆိုတာက အမတို့ အခုထိုင်သပိတ်ကိုလုပ်တာ ၁၈ရက်၊ ၁၉ ရက်ကိုရောက်လာပြီ၊ အဓိကကျတဲ့ စက်မှုဝန်ကြီးဌာနက အမတို့ကို လာရောက်ညှိနှိုင်းတာမျိုး ဖြေရှင်းတာမျိုး မလုပ်တဲ့အတွက်၊ ဒီမှာကလည်း သက်ကြီးဝန်ထမ်းတွေ ပါတဲ့အတွက်၊ ပန်ဒါကုမ္ပဏီနဲ့ စက်မှုဝန်ကြီးဌာနတို့ နှစ် ၃၀ ငှား ရမ်းတဲ့ စာချုပ်ထဲမှာပါတဲ့ အလုပ်သမားတွေရဲ့ရပိုင်ခွင့်တွေကို ကုမ္ပဏီနဲ့ ညှိနှိုင်းပြီးတော့ အမြန် ဆုံးဆောင်ရွက်ပေးဖို့အတွက် ပလိပ်မြို့ဆိုင်းဘုတ်ကို ပတ်ပြီးတော့ ငြိမ်းစုစီ၊ ဆန္ဒပြလှည့်လည်ဖော် ထုတ်ရခြင်းဖြစ်တယ်"
အလုပ်သမားတွေရဲ့ လစာငွေတွေကို အလုပ်ရှင်ဘက်က ဖြတ်တောက်မှုတွေရှိနေပြီး အလုပ်သမားတစ်ချို့ကိုလည်း အလုပ်ကနေ ထုတ်ပယ်တာတွေရှိနေတာကြောင့် အလုပ်ပြန်ခန့်ပေးဖို့နဲ့ အလုပ်ရှင်ကို အရေးယူပေးဖို့ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကစပြီး အလုပ်သမားတွေက ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
အလုပ်ရှင်ဘက်က ဖြတ်တောက်ထားတဲ့ လစာငွေတွေကို ပြန်ပေးဖို့ စီစဉ်ခဲ့ပေမယ့် အလုပ်သမားတွေဘက်က လက်မခံတာဖြစ်တယ်လို့ ပန်ဒါစက်ရုံ အထွေထွေမန်နေဂျာ ဒေါ်တင်တင်ရွှေ က ပြောပါတယ်။
မန္တလေးတိုင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမင်းမင်းဝင်းက ပန်ဒါစက်ရုံပိုင်ရှင်ကို အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ဖောက်ဖျက်မှုနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က တရားစွဲဆိုထားပြီး လာမယ့် ဇွန်လ ၂၃ ရက်နေ့မှာ စဉ့်ကိုင်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် တရားရုံးတင်မှာဖြစ်ပါတယ်။
အဲ့ဒီစက်ရုံကို အရင်စက်မှုဝန်ကြီးဌာနက ပိုင်ဆိုင်တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ပန်ဒါ ကုမ္ပဏီထံ ငှားရမ်းခဲ့တာဖြစ်ပြီး ဝန်ကြီးဌာနပိုင်ဆိုင်စဉ်က လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်းတွေကိုလည်း ပန်ဒါကုမ္ပဏီထံ လွဲှပြောင်းပေးခဲ့တာဖြစ်ပါတယ်။
လက်ရှိစက်ရုံမှာ အလုပ်သမား ၄၅၀ လောက် အလုပ်လုပ်နေဆဲဖြစ်ပြီး ဆန္ဒပြသူတွေဟာ ဝန်ကြီးဌာနလက်ထက် က လုပ်ကိုင်ခဲ့သူတွေဖြစ်ပါတယ်။