ကိုးကန့်စစ်ပွဲရပ်တန့်ရေး ပန်ဆန်း ညီလာခံမှာ ဆွေးနွေးအဖြေရှာမည်


2015.04.29
wa_and_army_305px.jpg လုံခြုံရေးယူနေသော ဝတပ်မတော်မှ စစ်သားများ ကို တွေ့ရစဉ်
(Photo: AFP)

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ညီလာခံမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ရေးအတွက် အသေးစိတ်ဆွေးနွေး ကြမယ်လို့ ညီလာခံကျင်းပရေးကော်မတီက ပြောပါတယ်။

လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ် စဲနိုင်ရေးနဲ့ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်း နဲ့ ဆွေးနွေးနိုင်တဲ့အထိ အဓိကဆွေးနွေးကြမယ်လို့ ညီလာခံ ကျင်းပရေးကော်မတီ UWSA ရဲ့ ပြောခွင့်ရသူ ဦးအောင်မြင့်က ပြောပါတယ်။

"ကျနော်တို့အစည်းအဝေးရဲ့ ရည်မှန်းချက်ကလည်း တိုင်းပြည်တစ်ခုလုံးရဲ့ ရေရှည်ငြိမ်း ချမ်းရေးပေါ့နော်၊ ထာဝရငြိမ်းချမ်းရေးအတွက်ကို ဦးတည် ပြီးတော့ ခေါ်ယူဆွေးနွေးကျမှာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ မြန်မြန်လေး ရပ်စဲနိုင်အောင် ဒီတွေ့ဆုံဆွေးနွေးရေးကနေတစ်ခါတည်း ငြိမ်းချမ်းရေးရရှိနိုင်အောင် ခြေလှမ်း လှမ်းနိုင်အောင် ဆွေးနွေးဖို့ရည်မှန်းချက်ထားရှိပါတယ်၊ ငြိမ်းချမ်းရေးမလိုချင်ဘူးဆိုတဲ့ အဖွဲ့အစည်းကတော့မရှိပါဘူး"

မေလ ၁ ရက်နေ့ကနေ ၃ ရက်ကြာကျင်းပမယ့် ပန်ဆန်းညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကို ဖိတ်ကြားထားပြီး အစိုးရနဲ့ တိုက်ပွဲတွေဖြစ် ပွားနေတဲ့ ကိုးကန့်လက်နက်ကိုင် MNDAA ၊ ရခိုင်တပ်မတော် AA နဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့တို့လည်း တက်ရောက်မှာဖြစ်ပါတယ်။

လောက်ကိုင်ဒေသမှာ အစိုးရနဲ့ MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ ၂ လကျော် ကြာနေပြီဖြစ်ပါတယ်။ ဒ့ါအပြင် ရခိုင်ပြည် နယ် ကျောက်တော်မြို့နယ်မှာလည်း ရခိုင်တပ်မတော် AA နဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေပါတယ်။

ပန်ဆန်းညီလာခံကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ မိုင်းလားနဲ့ KIO ကချင်လွတ်မြောက်ရေး တပ်မတော်တို့က ဦးဆောင်ကျင်းပတာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၁၂ ဖွဲ့ တက်ရောက်မှာ ဖြစ်ပါတယ်။

ညီလာခံဖြစ်မြောက်ရေးကော်မတီ UWSA က ပြောခွင့်ရသူ ဦးအောင်မြင့်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

ဒီညီလာခံတက်ရောက်မယ့် MNDAA ကိုးကန့်အဖွဲ့၊ KNU ကရင်အမျိုးသားအစည်း အရုံးနဲ့ RCSS/SSA ရှမ်းပြည် တပ်မတော်တို့ကလည်း လက်ရှိနိုင်ငံရေး အခြေအနေတွေ နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို အဓိကထားဆွေးနွေး သွားမယ်လို့ ပြောပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ တင်ပြ ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။