ပင်စင်အသက် ၆၀ သတ်မှတ်ဖို့ ပြည်ထောင်စု လွှတ်တော်မဲခွဲ အတည်ပြု


2015.07.09
parliament-620.jpg လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်
Photo: RFA

နိုင်ငံဝန်ထမ်းတွေရဲ့ ပင်စင်ကို အသက် ၆၀ အထိသာ သတ်မှတ်ဖို့အဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကန့်ကွက်ပေမယ့် ထောက်ခံသူများတာကြောင့် ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးကျော်သူက နိုင်ငံဝန်ထမ်းတွေရဲ့ သက်ပြည့်ပင်စင်သက်တမ်းကို အသက် ၆၀ ထက် ပိုတိုးမြှင့်ပြီး သတ်မှတ်ပေးသင့်ကြောင်း ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

"လောလောဆယ်မှာတော့ နိုင်ငံဝန်ထမ်းတစ်ဦးရဲ့ သက်ပြည့်ပင်စင်ကို နည်းဥပဒေ ၁၃ဝ အရ အသက် ၆ဝ ရယ်လို့ သတ်မှတ်ထားခြင်းရှိပါတယ်၊ ကျနော်တို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေနဲ့ကတော့ နိုင်ငံတော် ရဲ့အကျိုး နိုင်ငံဝန်ထမ်းအများစုအတွက် အကျိုးရှိမယ်ဆိုရင် သင့်တော်တဲ့အချိန်ခါမှာ သက်ပြည့်ပင်စင်သက်တမ်း ကို တိုးမြှင့်ပေးသင့်ပါက တိုးမြှင့်ပေးနိုင်မယ်ဖြစ်ပါကြောင်းကို နာယကကြီးမှတဆင့် ဖြည့်စွက်ဆွေးနွေး တင်ပြအပ်ပါတယ်"

အဲဒီအဆိုကို ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၂ဦးအပါအဝင် ၁၄ ယောက် က ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၇၉ မဲ၊ ကန့်ကွက်မဲ ၁၆၈ မဲသာရရှိခဲ့တာကြောင့် ပင်စင်သက် ၆၀ အထိသာထားဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

နိုင်ငံဝန်ထမ်းတွေရဲ့ ပင်စင်သက်တမ်းကို ၆၀ အထိသာထားဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညိုက မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။