စစ်ကောင်စီက သက်ပြည့်ပင်စင် တိုးမြှင့်သတ်မှတ်

ဝန်ထမ်းတွေရဲ့ သက်ပြည့် ပင်စင်ကို အသက် ၆၂ နှစ်အဖြစ် သတ်မှတ်လိုက်တာဟာ စစ်ကောင်စီရဲ့ လက်ရှိ အုပ်ချုပ်ရေးယန္တယား ဆက်လည်ပတ်နိုင်ရေးအတွက် ဖြစ်မယ်လို့ အငြိမ်းစား ဝန်ထမ်းတချို့က ဝေဖန်လိုက်ပါတယ်။
အလုပ်ထွက်ချင်တဲ့ ဝန်ထမ်းတွေများနေလို့ စစ်ကောင်စီဘက်က ခုလို ပင်စင်ယူရမယ့် အသက်ကို ထပ်တိုးလိုက်တာဖြစ်မယ်လို့ သက်ပြည့်ပင်စင် အငြိမ်းစား ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။
"၆၂ နှစ်ပြောင်းလိုက်တာက ဝန်ထမ်းတွေကို လွယ်လွယ်နဲ့ မထွက်စေချင်ဘူးပေါ့။ တော်တော်များများက ထွက်ချင်တယ် ဖြစ်ကုန်တော့ ၆၂ ဆိုပြီး တိုးလိုက်တယ်။ တချို့ကလည်း ဝမ်းသာတယ်။ ဝင်ငွေကြားပေါက်ရတော့ ဆက်လုပ်ချင်ကြတာ။ တချို့ကလည်း မကြိုက်ဘူး။ ပင်စင် သွားချင်နေကြပြီ"
စစ်ကောင်စီကတော့ ပင်စင်ယူရမယ့် အသက် ၆၀ ကနေ ၆၂ နှစ်ကို ပြောင်းလဲလိုက်တာက နိုင်ငံရဲ့ လူ့ စွမ်းအား အရင်းအမြစ်ကို ထိန်းသိမ်းဖို့၊ လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းတွေရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုကို နိုင်ငံအတွက် အထောက်အကူပြုစေဖို့ဆိုပြီး မတ်လ ၃၁ ရက်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံ့ဝန်ထမ်းတွေက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်ကစလို့ ပါဝင်လာကြပြီး စစ်ကောင်စီကတော့ CDM ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီး၊ တရားစွဲဆိုတာတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်က ဝန်ကြီးဌာနတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်လုပ်ကိုင်နေတဲ့ နိုင်ငံဝန်ထမ်းတွေလည်း ရှိနေပြီး အဲဒီဝန်ထမ်းအများစုက ရုံးဝတ်စုံ မဝတ်ဆင်ဘဲ ရုံးတက်နေကြရတယ်လို့ အငြိမ်းစား ဝန်ထမ်းတစ်ယောက်က ဆိုပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေဟာ အခုပြောင်းလဲလိုက်တဲ့ သက်ပြည့်ပင်စင်အပြင် နှစ်ပြည့်ပင်စင်၊ နာမကျန်းပင်စင်၊ လျော်ကြေးပင်စင်၊ အထူးပင်စင်၊ မိသားစုပင်စင်၊ လျှော့ပေါ့ပင်စင် စတဲ့ ပင်စင်အမျိုးအစားတွေထဲက တစ်မျိုးမျိုးကို ခံစားခွင့်ရနိုင်တယ်လို့ နိုင်ငံ့ဝန်ထမ်း ဥပဒေမှာ ဖော်ပြထားပါတယ်။