လွှတ်တော် ကိုယ်စား လှယ်ဟောင်းတွေ နိုင်ငံရေးပင်စင် စတင်ထုတ်ယူ
2016.02.12

ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေဟာ သူတို့ခံစားခွင့်ရှိတဲ့ တစ်လုံးတစ်ခဲတည်း နိုင်ငံရေးပင်စင် ကျပ် ၂၂ သိန်းစီကို စတင်ထုတ်ယူနေကြပြီဖြစ်ပါတယ်။
တစ်လုံးတစ်ခဲတည်း နိုင်ငံရေးပင်စင်ငွေကို မြန်မာ့စီးပွားရေးဘဏ်မှာ သွားရောက်ထုတ်ယူရတာဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က ပြောပါတယ်။
"ကျနော်တို့က ၃ သိန်းနဲ့ လုပ်ခဲ့တာကိုး၊ ၂ဝ၁၅ ဧပြီလမှ ၁ဝ သိန်းပေးတာကိုး၊ အဲ့ဒါကြောင့် ကျနော်ထင်တာက အရင် ၄ နှစ်နဲ့ ၃ လကငွေတွေရယ် နောက်ဒီဘက်မှာ ၁ဝ သိန်းရတဲ့ ၁ဝ လရယ် အဲ့ဒါတွေကို တွက်ချက် ပြီးတော့ပေးတယ်လို့ပဲ ကျနော်ယူဆတယ်၊ ဘာဖြစ်ဖြစ်ပေါ့ဗျာ ပြည်သူလူထုရဲ့ငွေဟာ တစ်ဦးဆီမှာ ၂၈ သိန်း သက်သာသွားတယ်ဆိုတော့ အဲ့မှာငွေစက္ကူတွေ ထပ်ရိုက်မယ့်ဟာ တစ်စုံတရာလျော့သွားတာပေါ့၊ ဒါကတော့ ကျနော်တို့ ကျေနပ်ပေးရမှာပေါ့ဗျာ"
ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က သူရရှိတဲ့ ပင်စင်ငွေ ကျပ် ၂၂သိန်းကို သင်္ဃန်းကျွန်းမြို့နယ် ၈ရပ်ကွက်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ လှူဒါန်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကနေ လွှတ်တော်ထဲရောက်ရှိခဲ့တဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်အားလုံး ဟာ နိုင်ငံရေးပင်စင်တွေကို ပြည်သူအကျိုးပြုလုပ်ငန်းတွေမှာ သုံးစွဲဖို့ ပါတီရန်ပုံငွေအဖြစ် ပေးအပ်ရမှာဖြစ်တယ် လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းသူ က ပြောပါတယ်။
"လှူဒါန်းဖို့အတွက်ကို ကျနော်တို့ ဆုံးဖြတ်ပြီးသားပါ၊ စီစဉ်လည်း စီစဉ်ထားပြီးသားပါ၊ လွှတ်တော် ကိုယ်စားလှယ်ရဲ့ နိုင်ငံရေးပင်စင်ကို ပြည်သူ့အကျိုးပြု လုပ်ငန်းတွေအတွက် လိုအပ်တဲ့နေရာမှာ အသုံးပြုနိုင်အောင် အဖွဲ့ချုပ်ခေါင်းဆောင်ကိုယ်တိုင်က လုပ်ထားတာပါ၊ အဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခဲ့တဲ့ ကိုယ်စားလှယ်တွေဟာ အားလုံးနိုင်ငံရေးပင်စင်ကို မယူဘဲနဲ့ လှူဒါန်းဖို့ ဆောင်ရွက်ရမှာပါ၊ အဖွဲ့ချုပ်ရဲ့ ရန်ပုံငွေထဲကို ထည့်ထားပေးရမှာပေါ့လေ"
အဲဒီပင်စင်ငွေကို ပြည်ထောင်စုအဆင့် အဖွဲ့ဝင်တွေထဲမှာပါတဲ့ လွှတ်တော်ဥက္ကဌတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေလည်း ရရှိတာဖြစ်ပါတယ်။
တစ်လ လစာ ချီးမြှင့်ငွေ ကျပ်သိန်း ၃၀ ရရှိနေတဲ့ ဝန်ကြီးတစ်ဦးဟာ လုပ်သက် ၅ နှစ်ရှိရင် ကျပ်သိန်း ၁၅၀၊ တစ်လ လစာ ချီးမြှင့်ငွေ ကျပ်၂၅ သိန်း ရရှိနေတဲ့ ဒုတိယဝန်ကြီး တစ်ဦးဟာ ငွေကျပ် ၇၅ သိန်း ရရှိတာဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးနဲ့ လွှတ်တော်မှာ တက်ရောက်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကတော့ အစိုးရအဖွဲ့နဲ့ လွှတ်တော် က ပေးအပ်တဲ့ ချီးမြှင့်ငွေ လစာခံစားတာမဟုတ်တဲ့အတွက် အခုချီးမြှင့်ငွေ မရကြဘူးလို့ သိရပါတယ်။