အင်းစိန် အထည်အလိပ်စက်ရုံ လုပ်သားများ လျော်ကြေးငွေ မရသေး

စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ခံ စက်ရုံတစ်ရုံဖြစ်တဲ့ အင်းစိန် အထည်အလိပ်စက်ရုံ အမှတ် (၁၁) က ဝန်ထမ်း ၂၀၀ ကျော်ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကတည်းက လျော်ကြေးပင်စင်လျှောက်လွှာမှာ လက်မှတ် ရေးထိုးထားပေမယ့် အခုအချိန် အထိ ပင်စင်ဦးစီးဌာနက လျော်ကြေးငွေ ထုတ်ပေးရေးနဲ့ ပတ်သက်လို့ ဘာမှ အကြောင်း မပြန်ဘူးလို့ သိရပါတယ်။

2012.03.20
factory_workers_305_z.jpg ရန်ကုန်မြို့ရှိ အထည်စက်ရုံတခုတွင် အလုပ်သမားများကို နေ့လည်စာ စားချိန် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီအထည်အလိပ်စက်ရုံကို မကြာခင် ဖျက်သိမ်းတော့မယ်လို့ သတင်းထွက်ခဲ့တဲ့ အတွက် စက်ရုံမှူးက ဝန်ထမ်းတွေကို လျော်ကြေးပင်စင်လျှောက်ဖို့ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဝန်ထမ်းတဦးက ပြောပါတယ်။

"အဲဒီမတိုင်ခင်ကတော့ ဒီစက်ရုံက ပျက်တော့မယ်။ လျော်ကြေးလိုချင်တဲ့သူက လျော်ကြေးတင်၊ နယ်ပြောင်းချင်တဲ့သူလည်းပြောင်းပေါ့။ သတင်းထုတ်ထားဖူးပါတယ်။ ဒါပေမယ့် သူက ဘယ်အချိန်၊ ဘယ်ကာလရယ်လို့ မပြောဘူး။ အခု စက်ရုံက ရောင်းလည်းမရောင်းဘူး၊ ငှားလည်းမငှားဘူး။"

စက်ရုံမှူး ဦးစိုးဝင်းထွန်းကတော့ ဝန်ထမ်းတွေ မိမိတို့သဘောဆန္ဒအတိုင်း ဆုံးဖြတ်ခွင့်ပေးခဲ့ကြောင်းနဲ့ အဓမ္မ လက်မှတ် မထိုးခိုင်းခဲ့ဘူးလို့ ဆိုပါတယ်။

"အထက်ကလည်း မခိုင်းဘူး။ အထက်က လုပ်ချင်တဲ့လူဆက်လုပ်၊ သူတို့ဟာနဲ့ သူတို့ ပင်စင်လိုချင်တဲ့သူယူကြ ဆိုပြီးမှ ဒါပဲ ညွှန်ကြားတာ။ သူတို့ကို ယူပါဆိုပြီး ခိုင်းတာမဟုတ်ဘူး။ ကျွန်တော် ပြောပြတယ်။ လုပ်ချင်တဲ့လူ ဆက်လုပ်ကြ၊ သို့သော် ဝန်ထမ်းဆိုတာ သိတဲ့အတိုင်းပေါ့ဗျာ။ ဒီစက်ရုံ တကယ်လို့များ ပိတ်ခဲ့သည်ရှိသော် စေလွှတ်တဲ့နေရာ သွားရမှာပေါ့။"

ဒါပေမယ့် အထည်အလိပ်စက်ရုံကို လျော်ကြေးမယူတဲ့ ဝန်ထမ်း ၂၀ လောက်နဲ့ အခုချိန်အထိ ဆက်လက် လည်ပတ်နေပြီး ဘယ်အချိန် ဖျက်မယ်ဆိုတာကို မသိသေးဘူးလို့ စက်ရုံမှူး ဦးစိုးဝင်းထွန်းက ပြောပါတယ်။

လျော်ကြေး ပင်စင်လျှောက်လွှာ တင်ထားတဲ့ ဝန်ထမ်းတွေအနက် လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းတွေက လျော်ကြေးငွေရမှာ ဖြစ်ပြီး၊ ၁၀ နှစ်အထက်တွေက ပင်စင်လစာ ရကြမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။