ခေတ်စနစ်နဲ့ မကိုက်ညီတဲ့ ဥပဒေ ပြည်သူ့လွှတ်တော် ပယ်ဖျက်


2016.05.09
winmyint-620.jpg ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကို တွေ့ရစဉ်
.

၁၉၇၅ ခုနှစ်က ပြဌာန်းထားတဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို ပြန်လည်ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ပြန်လည်ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို ကန့်ကွက်မယ့်သူမရှိတဲ့အတွက် ပယ်ဖျက်ဖို့ အတည်ပြုကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ကြေညာခဲ့ပါတယ်။

"နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်က သဘောမတူတဲ့သူ မရှိတဲ့အတွက် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုကြောင်းနဲ့ ၂ဝ၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပါတယ်"

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဟာ ခေတ်စနစ် နဲ့ ကိုက်ညီမှုမရှိတော့တဲ့အတွက် ဖျက်သိမ်းဖို့ တင်သွင်းတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

"နည်းဥပဒေအရ ဒီခေတ်နဲ့ လုံးဝ လုံးဝ ကိုက်ညီမှုမရှိတော့ဘူး၊ ကိုက်ညီမှုမရှိတဲ့ ဥပဒေကို ဖျက်သိမ်းရ မှာဖြစ်ပါတယ်"

အဲဒီဥပဒေဟာ ၁၉၇၅ ခုနှစ် တစ်ပါတီအာဏာရှင်စနစ် လက်ထက်က ပြဌာန်းထားတဲ့ ဥပဒေဖြစ်ပြီး အရင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင် တို့အပါအဝင် နိုင်ငံရေးသမားတွေကို ဖမ်းဆီးအရေးယူခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။