ကျောက်စိမ်းကိစ္စ ရှင်းလင်းဖို့ သမ္မတထံ လွှတ်တော်နာယက သဝဏ်လွှာပို့


2015.12.21
pharkant-machin-620.jpg ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတွင်းတွေအရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအနေ နဲ့ ပြည်ထောင်စုလွှတ်တော်မှာ အမြန်ဆုံးလာရောက်ရှင်းလင်းဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ သဝဏ်လွှာတစ်ရပ် ဒီကနေ့ရက်စွဲနဲ့ ပေးပို့လိုက်ပါတယ်။

အဲဒီသဝဏ်လွှာ ပေးပို့လိုက်တဲ့အကြောင်း သူရဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

"လတ်တလောကာလတွင်လည်း စွမ်းအားကြီးမားသော စက်ယန္တရားကြီးများ မြေသယ်ယာဉ်ကြီးများ ပိုမို အသုံးပြုပြီး တူးဖော်မှုများ အလွန်အကျွံ လုပ်ကိုင်လျှက်ရှိခြင်းတို့ကြောင့် ပြည်သူလူထုအတွင်း စိုးရိမ်ပူပန် မှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဖြေရှင်းဆောင်ရွက်မှု အခြေအနေကို ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အမြန်ဆုံး ရှင်းလင်းတင်ပြသင့်ကြောင်း အရေးကြီးအဆိုတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်း သာပေါင်းမဲဆန္ဒနယ်က ပေးပို့ထားပါတယ်၊ အထက်ပါကိစ္စရပ်ကို လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းဆွေးနွေးခြင်းမပြုဘဲ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင် ရာပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆောလျင်စွာ ရှင်းလင်းတင်ပြပြီး ဆက်လက်စီမံဆောင်ရွက်ပေးနိုင်ရန် သဝဏ်လွှာပေးပို့ပါသည်"

အချက်သုံးချက်ပါဝင်တဲ့ အဲဒီသဝဏ်လွှာမှာ ဖားကန့်ဒေသအတွင်း စွမ်းအားကြီးမားတဲ့ စက်ယန္တယားကြီးတွေ ၊ မြေသယ်ယာဉ်ကြီးတွေ ပိုမိုအသုံးပြုနေတဲ့အတွက် ပြည်သူလူထုကြားမှာ စိုးရိမ်မှုတွေဖြစ်ပေါ်နေလို့ ဖော်ပြ ထားပါတယ်။

ဒေသခံတွေအပါအဝင် ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှုတွေ၊ အထင်အမြင်လွဲမှားမှုတွေရှိနေသလို၊ သတင်း မီဒီယာတွေမှာလည်း ယူဆချက်အမျိုးမျိုးနဲ့ ဝေဖန်ပြောဆိုနေကြတာကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် ဂုဏ်သိက္ခာထိခိုက်စရာ ဖြစ်နေရတယ်လို့ သုံးသပ်နိုင်ကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ကျောက်စိမ်းတူးဖော်ရာမှာ အရင်က အနက်ပေ ၂၀၀ / ၃၀၀ ခန့်သာ တူးဖော်ထုတ်လုပ်နိုင်ခဲ့ပေမဲ့၊ ကျောက်ကြော အခြေအနေအရ အနက်ပေ ၅၀၀ ကနေ ပေ ၁၀၀၀ အထိ တူးဖော်ထုတ်လုပ်လာရတာ ဖြစ်တယ်လို့ သတ္တုတွင်း ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ပြောကြား ထားကြောင်း ဒီဇင်ဘာ ၁၉ ရက် နေ့စွဲနဲ့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက် စာရင်းအရ လုံးခင်း၊ ဖားကန့်ရတနာမြေမှာ တူးဖော်ရေးကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိကလုပ်ကွက်ပေါင်း ၇၇၀၀ ကျော်နဲ့ ကုမ္ပဏီ ၂၃၁ ခုကို လုပ်ခွင့်ပြုထားတာဖြစ်ပါတယ်။ အကျယ်အားဖြင့် အကျိုးတူလုပ်ကွက် ၃၁၁ ကွက်မှာ စုစုပေါင်း ဧကနှစ်သောင်း နှစ်ထောင်ငါးရာကျော် လုပ်ကိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ဒီအတွင်း ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ အသုံးပြုဖို့ အကြီးစားစက်ယန္တရားတွေ တင်သွင်းနေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က မလိခရိပ်သာမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဒီကနေ့ စတင်စစ်ဆေးနေပါတယ်။

ဖားကန့်ဒေသဘက်ကို စက်ယန္တရားတွေ သယ်ဆောင်နေတာဟာ တရားဝင်တင်သွင်းတာ ဟုတ် မဟုတ် ဖြစ်စဉ် အမှန်ပေါ်ပေါက်ဖို့ ကန်ပိုက်တီးနဲ့ မြစ်ကြီးနားအခြေစိုက် နယ်စပ်ကုန်သွယ်ရေးစခန်း၊ အကောက်ခွန် စတဲ့ဋ္ဌာန ဆိုင်ရာဝန်ထမ်းတွေကို ခေါ်ယူစစ်ဆေးနေကြောင်း သိရပါတယ်။

တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ယာဉ်စက်ယန္တရားအစီးရေ ၈၈၀ တရားဝင် တင်သွင်းခွင့်ပြုခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း က ဒီဇင်ဘာ ၁၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ပြောကြားထားပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသဘက်ကို တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေး စခန်းနဲ့ မန္တလေး၊ ရန်ကုန် စတဲ့ လမ်းကြောင်းတွေကနေ ယာဉ်၊ စက်ယန္တရားတွေကို တင်သွင်းနေတာ ဖြစ်ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။