ဒေါ်ခင်စောဝေ ကို လွှတ်တော်ဥက္ကဌ သတိပေး


2016.05.11
winmyint-620.jpg လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကို ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေး ကြီးအဆိုကို တင်သွင်းဖို့ ခွင့်တောင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က အဆိုတင်သွင်းခွင့်မရတာ ကို ပြည်တွင်း ပြည်ပမီဒီယာတွေကို ထုတ်ဖေါ်ပြောကြားခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က သတိပေးပြောကြားပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဥက္ကဌ ဦးဝင်းမြင့်က ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအရေး အရေးကြီးအဆိုနဲ့ ပတ်သက်ပြီး သတိပေးပြောကြားခဲ့တာ ြဖစ်ပါတယ်။

"လွှတ်တော်ဥက္ကဌအနေနဲ့ ခွင့်မပြုရသေးမီ အဆိုရှင် ဒေါ်ခင်စောဝေအနေဖြင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေပါ ကန့်သတ်ချက်များကို လိုက်နာစောင့်ထိန်းခြင်းမရှိဘဲ၊ ပြည်တွင်းပြည်ပ မီဒီယာများကိုလည်း ထုတ်ဖော်ပြော ကြားခဲ့ကြောင်းတို့ကို ၉-၅-၂ဝ၁၆ ရက်နေ့မှာ ဒေါ်ခင်စောဝေနဲ့ ဦးဘရှိန်တို့အား ဥက္ကဌရုံးခန်း၌တွေ့ပြီး ဒုတိယ ဥက္ကဌနဲ့အတူ ရှင်းလင်းပြောကြားခဲ့ပါတယ်၊ ဒါပေမဲ့ ဒေါ်ခင်စောဝေက လွှတ်တော်ဥက္ကဌရဲ့ ရှင်းလင်းပြောကြား ချက်များကို လုံးဝဖော်ပြခြင်းမပြုဘဲ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် နိုင်ငံတော်က ကူညီပေးအပ်ရန် တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ဥက္ကဌက အဆိုကိုတင်သွင်းရန် လက်မခံခဲ့တဲ့အတွက် စစ်ဘေးသင့်ပြည် သူများအတွက် အလွန်ဝမ်းနည်း စိတ်မကောင်းဖြစ်မိရပါတယ်၊ ၎င်းရဲ့ဖေ့စ်ဘွတ်အကောင့်မှာ တင်ခဲ့ပါတယ်၊ လွှတ်တော်ဥက္ကဌအနေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် နိုင်ငံတော်က အကူအညီပေးအပ်ရန်ကို မကူညီစေလို့၍မဟုတ်ပါ၊ ဒါ့ကြောင့် လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေသော ရေးသားပြောဆိုမှုနဲ့ လွှတ်တော်အတွင်းဆောင်ရွက်ချက်များကို အထင်မြင်မှားစေသော ရေးသားပြောဆိုမှုများအတွက် ရှောင်ကြဉ် ကြရန် အသိပေးရှင်းလင်းတင်ပြပါတယ်"

အရေးကြီးအဆိုမတင်ဖို့ လွှတ်တော်ဥက္ကဌက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေနဲ့ လွှတ်တော်ကိုယ်စား လှယ် ဦးဘရှိန်တို့ကို ခေါ်ယူဆွေးနွေးခဲ့ပါတယ်။ အဲဒါအပြီးမှာ ဒေါ်ခင်စောဝေက အဆိုတင်ခွင့်မရတာကို သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်တင်လိုက်သလို သတင်းမီဒီယာတွေကိုလည်း ထုတ်ဖေါ်ပြောခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ထုတ်ဖေါ်ပြောဆိုမှုဟာ ပြည်သူတွေအနေနဲ့ လွှတ်တော်ကို အထင်အမြင်လွဲမှားစေတယ်လို့လည်း ဥက္ကဌ ဦးဝင်းမြင့် က ရှင်းပြပါတယ်။

ဒေါ်ခင်စောေ၀ တင်သွင်းဖို့ ပြင်ဆင်ထားတဲ့အဆိုထဲမှာ AA အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်းကို ဖိတ်ခေါ်ဖို့ဖြစ်ကြောင်း၊ အပစ်ခတ်ရပ်စဲရေးအတွက် တိကျမှန်ကန်တဲ့ လုပ်ငန်းစဉ်များ ချမှတ်ပြီး ငြိမ်းချမ်းရေး ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်း၊ ကျေးရွာသူ ကျေးရွာသားတွေကို လမ်းပြအဖြစ် ပေါ်တာဆွဲခံရတာတွေရှိကြောင်း စတဲ့အချက်တွေ ပါရှိတယ်လို့ ဥက္ကဌ ဦးဝင်းမြင့် က ရှင်းပြပါတယ်။

ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေကို နိုင်ငံတော်က အကူအညီပေးရန် ခေါင်းစဉ်တပ်ပြီး AA လက်နက်ကိုင်အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရဖို့အတွက် ဦးတည်တဲ့ ဆွေးနွေးချက်ကို တွေ့ရှိရတယ်လို့လည်း လွှတ်တော် ဥက္ကဌက ရှင်းလင်းပါတယ်။ အဲ့ဒီလိုအချက်တွေဟာ လွှတ်တော်က ကန့်သတ်ထားတဲ့ အချက်တွေနဲ့ ညီညွတ်ခြင်း မရှိတဲ့အတွက် ငြင်းပယ်ရတာဖြစ်ကြောင်း ရှင်းပြပါတယ်။

လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ရဲ့ ရှင်းပြချက်အပေါ် အဆိုတင်သွင်းဖို့ ခွင့်တောင်းခဲ့သူ ဒေါ်ခင်စောဝေက အခုလို ပြောပါတယ်။

"ဘာပဲဖြစ်ဖြစ်ပါ ဥက္ကဌအနေနဲ့လည်း မှန်ပါတယ်၊ ကျမနေနဲ့လည်း မှန်တယ်လို့ ယူဆတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျမသည် ပြည်သူတွေ တင်မြှောက်ထားတဲ့ ပြည်သူတွေ မဲဆန္ဒနဲ့ ပြည်သူ့ကိုယ်စားပြောပေးဖို့ လွှတ်လိုက် တဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ဦးပါ၊ ပြည်သူတွေရဲ့ အခက်အခဲ၊ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို အန်တီ့မှာလွှတ်တော်အတွင်းကို သယ်ဆောင်ဖို့ တာဝန်ရှိပါတယ်၊ အဲ့အတွက်ကြောင့် ဥက္ကဌပြောသွားတဲ့ အပေါ်လည်း ကျမဘာမှမခံစားရပါဘူး၊ ကျေးဇူးတင်ပါတယ်၊ အခုလိုချပြသွားတဲ့အတွက် တစ်ဘက်ကလည်း ဒါမှန်တယ် ကျမဘက်ကလည်းမှန်တယ်လို့ ယူဆပါတယ်"

အဆိုတင်သွင်းခွင့် မရခဲ့တဲ့အတွက် ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို အစိုးရက အကူအညီပေး ဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ရခိုင်အမျိုးသားပါတီက လွှတ်တော် ကိုယ်စားလှယ် ၂၂ ယောက် စုပေါင်းလက်မှတ်ထိုးပြီး ဒီကနေ့ တင်ပြမယ်လို့ ဒေါ်ခင်စောဝေ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။