ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ အဆိုတင်
2017.08.18

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ အစွန်းရောက် အဖွဲ့အစည်းတွေရဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေကြတာနဲ့ ပတ်သက်ပြီး အစိုးရက ပိုမိုကောင်းမွန်တဲ့ အစီအမံ ဆောင်ရွက်ပေးဖို့အဆိုကို ပြည်သူ့လွှတ်တော်က ဒီကနေ့ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
အဆိုရှင်ဖြစ်တဲ့ ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ရခိုင်ကိစ္စဟာ အလျင်အမြန်နဲ့ အချိန်မီ ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။
"ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရေးမှာ တရားဥပဒေစိုးမိုးရေး၊ အချုပ်အခြာအာဏာ တည်တန့်ခိုင်မြဲရေး ကိစ္စရပ်ဖြစ်ပြီး အချိန်နဲ့တပြေးညီ မြန်မြန်ဆန်ဆန် လုပ်ဆောင်ရမယ့်အခြေအနေရှိနေပါတယ်"
ဘူးသီးတောင်၊ မောင်တောက ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်တွေဟာ ပြည်ပနိုင်ငံအဖွဲ့အစည်းတွေရဲ့ လက်နက် ငွေကြေးအကူအညီတွေရယူပြီး မောင်တောဒေသရှိ တောတောင်တွေမှာ သင်တန်းပို့ချတာတွေကို စနစ်တကျ လုပ်ဆောင်နေတယ်လို့လည်း ဒေါ်ခင်စောဝေက ပြောပါတယ်။
ဒေါ်ခင်စောဝေရဲ့ အဆိုကို အခြားလွှတ်တော်ကိုယ်စားလှယ်တဦးက ထောက်ခံဆွေးနွေးပြီး ကန့်ကွက်သူ မရှိတဲ့အတွက် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။