ခေတ်နဲ့မညီတဲ့ ဥပဒေတွေ ရုပ်သိမ်းရေး လွှတ်တော် မှာ ဆွေးနွေးမည်


2016.04.28
mp-new-parliament-620.JPG ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: Win Ko Ko Latt/RFA

၁၉၅ဝ အရေးပေါ်စီမံမှု အက်ဥပဒေ၊ ၁၉၇၅ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေနဲ့ ငြိမ်းချမ်းစွာ စုရုံးစီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ လို ဥပဒေတွေ ပြန်လည်ရုပ်သိမ်းရေး ဥပဒေကြမ်းတွေကို မကြာခင်ရက်ပိုင်းအတွင်း လွှတ်တော်ကို တင်သွင်းဆွေးနွေးမှာဖြစ်ပါတယ်။

မေ ၂  ရက်မှာ ပြန်လည်ကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို တင်သွင်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ခေတ်စနစ်နဲ့ မညီတော့တဲ့ ဥပဒေတွေကို ရုပ်သိမ်းဖို့ တင်ပြမှာဖြစ်ကြောင်း ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးစောလှထွန်းက ပြောပါတယ်။

"တချို့ဥပဒေတွေကျတော့ ဥပမာ အရေးပေါ်စီမံမှု အက်ဥပဒေလိုမျိုးလိုဟာကျတော့ ခေတ်ပြောင်း စနစ်ပြောင်းမှာ အရေးပေါ်ကိစ္စတွေနဲ့ ပတ်သက်လို့ရှိရင် ဘယ်လိုဆောင်ရွက်ဖို့ဆိုပြီးတော့ အဲ့ဒီခေတ်က လိုအပ်ချက်အရ ထုတ်ပြန်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ အဲ့ဒါကိုမရုပ်သိမ်းဘဲနဲ့ ဆက်ပြီးတော့ အသုံးပြုလာတာရှိတာပေါ့၊ ရှိတော့ကျတော့ ပြည်သူလည်းအထင်လွဲနိုင်တယ်၊ နောက်ပြီးတော့ ခေတ် စနစ်နဲ့လည်း မကိုက်ညီတဲ့ဟာတွေပေါ့၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ ကာကွယ်တဲ့ ဥပဒေတို့ နောက် အရေးပေါ်စီမံမှု အက်ဥပဒေ  ၅ (ည) လိုမျိုး နောက် ငြိမ်းစုစီမှာပါတဲ့ ပုဒ်မ(၁၈) လိုမျိုးတို့ ဒါတွေကို ပြန်လည်သုံးသပ်ပြီးတော့ လွှတ်တော်ကို တင်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျ"

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေးသမားများကို ဖမ်းဆီးရာမှာ အသုံးပြုခဲ့တဲ့ ဥပဒေတစ်ရပ် ဖြစ်ပါတယ်။ အဲ့ဒီ ဥပဒေကို မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ဦးသန့်အရေးအခင်း အပါအဝင် အလုပ်သမားဆန္ဒပြမှုတွေနဲ့ တခြား ဆန္ဒပြမှုတွေကို နှိမ်နှင်းဖို့အတွက် ရည်ရွယ်ပြီး ဒီဥပဒေကို ထုတ်ပြန်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

ဦးစောလှထွန်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။