နိုင်ငံပြုပြင်ရေး ဝန်ထမ်းတွေ ပါဝင်ဖို့လို


2016.04.08
winmyint-tamwe-620.jpg တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် နတ်ချောင်းအားကစားကွင်းမှာ ဧပြီလ ၈ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကို တွေ့ဆုံစဉ်
Photo: Zarni Htun/RFA

နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ တာမွေမြို့နယ်က ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဒီနေ့တွေ့ဆုံဆွေးနွေး ပွဲမှာ ပြောပါတယ်။

ဒီကနေ့ တာမွေ အ.ထ.က ( ၁ )ကျောင်းမှာ မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းက ဝန်ထမ်းတွေနဲ့ တွေ့ ဆုံစဉ် ဦးဝင်းမြင့်က ပြောခဲ့တာဖြစ်တယ်လို့ အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောပါတယ်။

"နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဌာနဆိုင်ရာ ဝန်ထမ်းများ အထူးလိုအပ်တယ်၊ ဝန်ထမ်းများကလည်း မှန်မှန်ကန်ကန် မိမိတို့လုပ်အားတွေကိုဆောင် ရွက်ဖို့ အလုပ်လုပ်တဲ့နေရာမှာ နိုင်ငံတော်ကနေဝန်ထမ်းအဖြစ် လစာတွေပေးပြီးပြီ၊ ဒီအပေါ်မှာ တာဝန်ကိုကျေကျေပြွန်ပြွန်ဆောင်ရွက်နိုင်ကြဖို့ ပြည်သူနဲ့ထိတွေ့တဲ့နေရာမှာ အုပ်ချုပ်ရေးကို မှန်မှန်ကန်ကန်ကျင့်သုံးဖို့ အရင်ကလို လာဘ်လာဘရမှ အုပ်ချုပ်ရေးလုပ်တဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ အားလုံးမြို့နယ်တွေမှာရှိတဲ့ ပြည်သူတွေရဲ့အရေးကို သက်ဆိုင်ရာဌာနတိုင်းကလုပ်ပေးရမယ်လို့ လမ်းညွှန်မှုပေးပါတယ်"

တာမွေမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ကရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကလည်း ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ပြောခဲ့ပါတယ်။

တက်ရောက်လာသူတွေကလည်း တာမွေမြို့နယ်မှာ မြို့နယ်ခန်းမ မရှိသေးတာကို ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို မြို့နယ်စည်ပင်၊ ကျန်းမာရေး၊ ပညာရေး၊ မြို့နယ်အုပ်ချုပ်ရေး စတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရပ်မိရပ်ဖတွေက လူဦးရေ ၁၅၀ လောက် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။