ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဖွဲ့စည်း အတည်ပြု
2011.03.01

ဒီကိစ္စနဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ရဲ့ အမတ် ဦးဘုန်းမြင့်အောင်က RFA ကို အခုလို ပြောပါတယ်။
“ဥပဒေမူကြမ်း ကော်မတီမှာ အမျိုးသား လွှတ်တော်မှာ ၁၅ ယောက်ပေါ့။ ပြည်ခိုင်ဖြိုးက ၁၀ ယောက်ပါတယ်ဗျ။ တခြား ပြည်ခိုင်ဖြိုး မဟုတ်တဲ့ ပါတီပေါ့၊ ၅ ယောက်တွေ့ရတယ်ဗျ။ ကော်မတီက လိုအပ်တဲ့ ဥပဒေမူကြမ်းတွေ ရေးဆွဲမှာပေါ့ဗျာ။ ရေးဆွဲပြီးတော့ သက်ဆိုင်ရာ လွှတ်တော်တွေကို တင်ပြီးတော့ ဥပဒေဖြစ်အောင် လုပ်ရမှာပေါ့။”
ဥပဒေ မူကြမ်းကော်မတီမှာ ပါဝင်မဲ့သူတွေကို လွှတ်တော်ဥက္ကဋ္ဌက အမည်စာရင်း တင်သွင်းပြီး လွှတ်တော်မှာ အတည်ပြုလိုက်တာပါ။ ဒီကော်မတီမှာ ကြံ့ဖွံ့အမတ် ၁၀ ဦးနဲ့ ကျန်ပါတီအမတ် တွေဖြစ်တဲ့ NDF ပါတီအမတ် ဒေါက်တာ မြတ်ဉာဏစိုး၊ ကရင်ပါတီက ဦးမန်းအောင်တင်မြင့်၊ ဦးခက်ဒန်နီ၊ ရခိုင်ပါတီက ဦးကျော်ထွန်း၊ ဝ ဒီမိုကရက်တစ်ပါတီက ဦးစိုင်းပေါင်းနပ်တို့ ဖြစ်ပါတယ်။
ကော်မတီဝင်သက်တမ်းကို ၁ နှစ် ပေးထားပြီး အဲဒီနောက်မှာ လုပ်ကိုင်နိုင်မှုအပေါ် မူတည်လို့ ကော်မတီဝင် အပြောင်းအလဲ ရှိမယ်လို့ ဆိုပါတယ်။ ကော်မတီဝင်တွေအတွက် လစာနဲ့ ခံစားခွင့်တွေကို အစိုးရက သတ်မှတ်ပေးမှာ ဖြစ်တယ်လို့ ဦးဘုန်းမြင့်အောင်က ပြောပါတယ်။
ဒီရက်ပိုင်းမှာ ကျင်းပမဲ့ လွှတ်တော် အစည်းအဝေးမှာ အမြဲတမ်းကော်မတီ ၄ ခု ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ အဲဒီကော်မတီတွေကတော့ ဥပဒေမူကြမ်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော် အခွင့်အရေး ကော်မတီနဲ့ အစိုးရ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များကို စိစစ်ရေးကော်မတီတို့ ဖြစ်ပါတယ်။
ဒီနေ့ အတည်ပြုခဲ့တဲ့ ဥပဒေမူကြမ်း ကော်မတီဝင်တွေကိုလည်း လွှတ်တော်ဥက္ကဋ္ဌက အဆိုတင်သွင်းခဲ့တာ ဖြစ်ပြီး ကန့်ကွက်သူ ရှိမရှိနဲ့ ထောက်ခံမှု ရှိမရှိ ဆိုတာ နှုတ်နဲ့ပဲ မေးပြီး အတည်ပြုလိုက်တာလို့ လွှတ်တော်အမတ် ဦးဘုန်းမြင့်အောင်က ပြောပါတယ်။