ခင်ဦးမှာ မိုင်းဆင်နေချိန် ပစ်ခတ်ခံရလို့ ဒေသကာကွယ်ရေးအဖွဲ့ဝင် လေးဦးသေဆုံး

2022.10.31
ခင်ဦးမှာ မိုင်းဆင်နေချိန် ပစ်ခတ်ခံရလို့ ဒေသကာကွယ်ရေးအဖွဲ့ဝင် လေးဦးသေဆုံး ခင်ဦးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: Khin U People Defence Force - KUPDF

စစ်ကိုင်းတိုင်း ခင်ဦးမြို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ဖို့ မိုင်းတပ်ဆင်နေချိန် သတင်းပေါက်ကြားပြီး စစ်ကောင်စီတပ်က လာရောက်ပစ်ခတ်တာကြောင့် ဒေသကာကွယ်ရေးအဖွဲ့ဝင် လူငယ်လေးဦး သေဆုံးခဲ့တယ် လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာ အသက် (၁၆) နှစ်၊ (၁၈) နှစ်၊ (၂၅) နှစ်နဲ့ (၂၈) နှစ်အရွယ် အမျိုးသား လေးဦးဖြစ်ပြီး အောက်တိုဘာ ၃၀ ရက် မနေ့မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ခင်ဦးမြို့ထိပ်မှာ မိုင်းတပ်ဆင်တာပေါ့။ အဲဒီမှာ သတင်းပေါက်ကြားပြီး ခင်ဦးစခန်းထဲ ကနေ ဆိုင်ကယ်တွေနဲ့ ထွက်လာပြီး လာပစ်တာမှာ ကျဆုံးတာ”

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင် ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေဖြစ်လို့ စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးထံ ဆက်သွယ်မေးမြန်းဖို့သာ ပြန်လည် ဖြေဆိုပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်အာဏာသိမ်း ၂၁ လအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၁၄ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒါ့အပြင် ရွာပေါင်း ၄၅ ရွာက နေအိမ် ပေါင်း ၁,၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အိမ်ထောင်စု နှစ်ထောင်နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကုသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက် ဒီနေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။