ပီဒီပီ ပါတီခေါင်းဆောင် ၅ ဦးကို ကချင်ပြည်နယ်အစိုးရ ထောင်ချ

ကချင်ပြည်နယ် ပြည်သူ့တိုးတက်ရေးပါတီ PDP က ထုတ်ဝေတဲ့ စာစောင်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ချို့ အကျင့်ပျက်ချစားမှုတွေရှိကြောင်း ထုတ်ဝေခဲ့တာကြောင့် ပီဒီပီ ပါတီခေါင်းဆောင် ၅ ဦးကို ကချင်ပြည်နယ်အစိုးရက ဖမ်းဆီးလိုက်ပါတယ်။

2012.11.23

ပီဒီပီ ပါတီဥက္ကဌ အပါအဝင် ပါတီခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးပြီး  မြစ်ကြီးနားအကျဉ်းထောင်မှာ ပို့ဆောင်ခံထားရကြောင်းနဲ့ တရားစွဲခံထားရကြောင်း ပီဒီပီ ပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်က ပြောပါတယ်။

ပြည်သူ့တိုးတက်ရေးပါတီ ပီဒီပီက ထုတ်ဝေတဲ့ စာစောင်  အမှတ်စဉ်  ၃၊ ၄၊ ၅၊  ၉၊ ၁ဝ တို့မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ချို့ရဲ့ ငွေကြေးအလွဲသုံးစားမှုတွေအကြောင်း ပါရှိတယ်လို့ သိရပါတယ်။

စာစောင်တွေပါ အကြောင်းအရာတွေနဲ့ ပတ်သက်လို့တော့ ပီဒီပီပါတီ အထွေထွေအတွင်းရေးမှုး ဦးအောင်မြင့် ပြောပြတာက

"ဖြစ်စဉ်လေးကတော့ဗျာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကျနော်တို့ပါတီကထုတ်တဲ့ စာစောင်နဲ့သွားပြီးငြိတာ၊ သူတို့စွဲလိုက်တဲ့အမှုကတော့ ၆၂ ခုနှစ်က စာပေထုတ်ဝေခွင့် ပုဒ်မ ၂ဝ ရယ် နောက်ပြီးတော့ ပုဒ်မ ၅ဝဝ အသရေဖျက်မှုပေါ့နော်၊ နောက် ပုဒ်မ ၅၀၅ ခ၊ ဂ နဲ့ ဆွဲတာ"

တရားစွဲခံထားရတဲ့ ပီဒီပီ ပါတီ ခေါင်းဆောင်တွေ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့အတွက် ရှေ့နေ ငှားရမ်းရာမှာ မြစ်ကြီးနားက ရှေ့နေတွေ မလိုက်ရဲတာကြောင့် မန္တလေးမြို့က ရှေ့နေ ဒေါ်ခင်ခင်ကို အကူအညီတောင်းထားတယ်လို့လည်း ဦးအောင်မြင့်က ပြောပါတယ်။

၂ဝ၁၁ ခုနှစ် သြဂုတ်လမှာ ပါတီတည်ထောင်ခွင့်ရခဲ့တဲ့ ပီဒီပီ ပါတီဟာ  ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် အမတ်နေရာ မရရှိခဲ့ပါဘူး။

အခုဆို ပါတီခေါင်းဆောင်ပိုင်းတွေ အဖမ်းခံနေရတာကြောင့် ပါတီလုပ်ငန်းတွေလည်း  ထိထိရောက်ရောက် မလုပ်နိုင်တော့ဘူးလို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

ဦးအောင်မြင့် အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။