ဝ အဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံ
2017.12.17

ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦး တို့ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က ခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ပြည်ပဆက်ဆံရေးဌာနမှ ဦးအိုက်ဝါး က ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးတာ ဟုတ်မှန်ကြောင်း RFA ကို အတည်ပြု ပြောဆိုပေမယ့် အသေးစိတ်အခြေအနေကိုတော့ သူမသိရှိဘူးလို့ ပြောပါတယ်။
"သွားတွေ့တာက ဒီဘက်က ဘယ်နှစ်ယောက်သွားလဲ ကျနော်လည်း အသေးစိတ် အခြေအနေ မသိဘူးဗျ၊ ဦးဆောင်သွားတာလည်း သူတို့ ပေါက်ယူကျင်ပါလား ဘာလဲ ကျနော် အဲဒီအသေးစိတ် အခြေအနေ မသိဘူးဗျ၊ တွေ့တာတော့ ဆွေးနွေးပွဲ ထိုင်တာတော့ ရှိတယ်။ အဲဒါပြီးသွားပြီထင်တယ် အပြန်ခရီးတောင် ပြောနေပြီ။ ကျနော်တို့ဌာနမှူး က ဆေးရုံတက်ရင်းနဲ့ ကူမင်းမှာရှိနေတာကိုး။ အရင်တုန်းက ပြီးခဲ့တဲ့အခေါက် အဲဒီအတိုင်းပဲလို့ ပြောတာပဲ"
ငြိမ်းချမ်းရေး ကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့ဟာ ကူးမင်မြို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့ ကတည်းရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးရာဌာန အာရှရေးရာ အထူးသံကိုယ်စားလှယ် ဆွန်ကော်ရှန်းနဲ့ သီးခြားတွေ့ဆုံခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ UWSA ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် က ခေါင်းဆောင်တွေနဲ့ သီးသန့်ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီတွေ့ဆုံပွဲမတိုင်မီ တရုတ်နိုင်ငံ နိုင်ငံခြားရေးရာဌာန အာရှရေးရာ အထူးသံကိုယ်စားလှယ် ဆွန်ကော်ရှန်းနဲ့ ဝ ခေါင်းဆောင်တွေဟာ နိုဝင်ဘာလကုန်ပိုင်းက UWSA ဌာနချုပ်ရှိရာ ပန်ဆန်းမြို့မှာ သီးခြားတွေ့ဆုံမှုရှိခဲ့တယ် လို့လည်း ဦးအိုက်ဝါး ကပြောပါတယ်။
UWSA ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က တာဝန်ရှိသူတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ် လို့ မရခဲ့ပါဘူး။