ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC တွေ့ဆုံပွဲ မဖြစ်နိုင်သေး


2016.12.07
unfc-dpn-620.jpg NCA လက်မှတ်မထိုးထားတဲ့ UNFC အဖွဲ့က နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် တို့ ရန်ကုန်မြို့ NRPC မှာ နိုဝင်ဘာလ ၁ဝ ရက်နေ့က တွေ့ဆုံခဲ့စဉ်
Photo: Thiha Tun/RFA

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ DPN တို့ ဒီဇင်ဘာလထဲမှာ တွေ့ဖို့စီစဉ်ထားပေမယ့် ရက်ညှိနှိုင်းလို့ မရတဲ့အတွက် မတွေ့ဆုံနိုင်သေးဘူးလို့ UNFC တွဲဘက် အတွင်းရေးမှူး ဦးထွန်းဇော် က ပြောပါတယ်။

ဒီဇင်ဘာလ ပထမပတ်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘောတွေ့ဆုံပြီး ဒုတိယပတ်ထဲမှာ တရားဝင် ၄ ကြိမ်မြောက်တွေ့ဆုံဖို့ DPN အဖွဲ့က ကမ်းလှမ်းခဲ့ပေမယ့် နှစ်ဖက်အဆင်ပြေနိုင်မယ့် ရက်သတ်မှတ်နိုင်ခြင်း မရှိသေးဘူးလို့ ဦးထွန်းဇော် က ပြောပါတယ်။

"ရက်ကတော့ ညှိတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နောက်ပိုင်းကို အားမလားလို့ လာမေးတာ ပေါ့လေ။ ကျနော်တို့ ဘက်ကတော့ ၁၀ ရက်နေ့ နောက်ပိုင်းက အစဉ်မပြေဘူးဖြစ်နေတယ်။ အစဉ်မပြေတဲ့ အကြောင်းကိုလည်း အကြောင်းပြန်ထားပါတယ်။ ရက်ညှိတာကတော့ ဒီလထဲမှာ ကျွန်တော်တို့ အချိန်ဇယားတွေလည်း ကြပ်နေ တယ်လေ၊ မူလကတော့ ကျွန်တော်တို့ အဆိုပြုထားတာကတော့ ပထမပတ်ထဲမှာ အလွတ်သဘော ချင်းမိုင် မှာတွေ့ဖို့ပေါ့။ နောက်ဒုတိယပတ်ထဲမှာဆိုရင် ၇၊ ၈၊ ၉ တစ်ရက်ရက်ပေါ့၊ DPN နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင် တရားဝင် လေးကြိမ်မြောက်တွေ့ဖို့ အဆိုပြုပါတယ်၊ ဒါပေမဲ့ ငြိမ်းချမ်းရေးကော်မရှင်ဘက်က အဲဒီရက်မှာ အစဉ်မပြေကြောင်း ပြောပါတယ်"

တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်မှာ လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အကြမ်းဖက်သောင်းကျန်းသူတွေအဖြစ် သတ်မှတ်ပေးဖို့ အဆိုတွေ တင်နေတာဟာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မူကို ထိခိုက်စေရုံသာမက တိုင်းပြည်အနာဂတ်အတွက် အပေါင်း လက္ခဏာမဆောင်နိုင်ဘူးလို့ ဦးထွန်းဇော် က ပြောပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစဖို့အတွက် တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးဖို့ UNFC အဖွဲ့က လိုလားတယ်လို့လည်း ဦးထွန်းဇော် က ပြောပါတယ်။

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး အပါအဝင် အချက် ၉ ချက်ကို အစိုးရနဲ့ တပ်မတော်က ထုတ်ပြန်ပေးဖို့ UNFC အဖွဲ့ က တောင်းဆိုထားပြီး အဲဒီအချက်တွေကို လက်ခံရင် NCA အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးမယ် လို့ ပြောထားပါတယ်။

အလားတူ ညီညွတ်သော တိုင်းရင်သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ညီလာခံကို ဒီဇင်ဘာလလယ်မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေး နိုင်ငံရေး အခြေအနေတွေကြောင့် ရက်ရွှေ့ဆိုင်းလိုက် ရပါတယ်။

အဲဒီညီလာခံကို တက်ရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ အားလုံးကို ဖိတ်ကြားထားကြောင်းနဲ့ ညီလာခံ ရွှေ့ဆိုင်းလိုက်တာကိုလည်း အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဦးထွန်းဇော် က ပြောပါတယ်။

UNFC အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကတော့ ညီလာခံကို တက်ရောက်မှာ မဟုတ်ဘဲ UNFC အဖွဲ့က နှုတ်ထွက်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။