မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မှု ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်နေ
2016.12.12

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို ရှမ်းပြည်နယ်လွှတ်တော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အတည်ပြုလိုက် တာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြီး လုပ်လိုက်တာဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း ကပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဗဟိုဌာန NRPC မှာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ တွေ့ဆုံပွဲအပြီးမှာ မီဒီယာတွေကို ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။
ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရဲ့ ဒီကနေ့ အစည်းအဝေးမှာ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပသွားမယ့်အကြောင်း ဆွေးနွေးခဲ့ကြ ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးဖို့ အဆင့်သင့်ဖြစ်နေပြီလို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးရမယ့် အကြောင်း အရာတွေကိုလည်း ပြင်ဆင်ဆွေးနွေးပြီးဖြစ်တယ်လို့ ပြောပါတယ်။
ဆွေးနွေးပွဲကို ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ဥက္ကဋ္ဌ ဦးသုဝေတို့ တက်ရောက်ခဲ့ပြီး အတွင်းရေးမှူးအဖွဲ့ မစုံတာကြောင့် ဆွေးနွေးပွဲ ဆုံးဖြတ်ချက်တွေကို လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့ မှာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။