သတင်းစာရှင်းလင်းပွဲ ပြောကြား ချက် ပီနန်ဆရာတော်ကြီး ငြင်းဆို
2014.06.12

ဇွန်လ ၁၀ရက်နေ့က အာဏာပိုင်တွေ အင်အားသုံးပြီး သိမ်းပိုက်လိုက်တဲ့ မဟာသန္တိသုခကျောင်းနဲ့ ပတ်သက် ပြီး သတင်းစာရှင်းပွဲမှာ အာဏာပိုင်တွေက ဒီကျောင်းမှာ ပီနန်ဆရာတော်ကြီးဟာ တရားမဝင်နေထိုင်တယ် လို့ ပြောဆိုချက်ကို ပီနန်ဆရာတော်ကြီးက ငြင်းဆို လိုက်ပြီး ဒီကျောင်းကို အစိုးရက ဆရာတော်ကြီးကို လှူဒါန်းထားတာဖြစ်ကြောင်း ဆရာတော်ဦးပညာဝံသက RFA မိန့်ပါတယ်။
သတင်းစာရှင်းပွဲမှာ ဆရာတော် ဦးပညာဝံသနဲ့ နောက် လိုက်သံဃာ လူပုဂ္ဂိုလ်တွေဟာ ကျောင်းတော်ကြီးပေါ်မှာ အင်အားသုံးနေထိုင်နေတာဖြစ်တယ်လို့ အာဏာ ပိုင်တွေက ပြောခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပီနန်ဆရာတော်က ခုလိုမိန့်ပါတယ်။
"ဒီကျောင်းကို သံဃာ့နာယကကို ခဏအပ်ထားတာပါတဲ့၊ နောက်ပြီး ဒီကျောင်းကိုလည်း အစိုးရကသိမ်းတာ မဟုတ်ပါဘူးတဲ့၊ အဲ့လိုပြောတယ်၊ အစိုးရက ဘုန်းကြီးနာမည်နဲ့ ပေးထားတာ အဲလိုဆို သံဃာ့နာယက တရားဝင်တာမဟုတ်ဘူး၊ တရားမဝင်တဲ့အပြင် သူတို့က အကသင်တန်းတွေလုပ်၊ မင်္ဂလာဆောင်တို့ ကုန်သည်တွေကို ငှားစားပြီးတော့ အဲဒီ့သာသနပြုကျောင်းကြီးကို သာသနာနဲ့ ပတ်သက်တာ ဘာမှမလုပ်ပဲနဲ့ ဟိုတယ်လိုလုပ်ပြီးတော့ ငှားစားပစ်တာ"
ဆရာတော်နိုင်ငံခြားမှာ သီတင်းသုံးနေစဉ် ကျောင်းဥက္ကဌအဖြစ် တာဝန်ယူထားသူ ကွယ်လွန်သူ ဗိုလ်မှူးကြီးစောမြင့်က ဗိုလ်ချုပ်ခင်ညွန့်ထံ ကျောင်းမှာဖြစ်ပျက်နေတာတွေကို တိုင်ကြားပြီး ကျောင်းကို သံဃာ့နာယကအဖွဲ့ကို အပ်လိုက်တာဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
ခုလိုကျောင်းနဲ့ပတ်သက်ပြီး အငြင်းပွားနေစဉ် လွန်ခဲ့တဲ့လက သမ္မတရုံးက ဆရာတော်ကြီးထံ လာရောက်ပြီး သမ္မတဦးသိန်းစိန်က ဆရာတော်ကြီးအနေနဲ့ ကျောင်းမှာ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်ပြီး သာသနာပြုဖို့ပြောဆိုကြောင်း လာရောက်လျောက်ထားခဲ့တယ်လို့ မိန့်ပါတယ်။
ဂျပန်နိုင်ငံမှာ ခေတ္တရောက်ရှိနေတဲ့ ဆရာတော် ဦးပညာဝံသကို ဦးတင်အောင်ခိုင်က ဆက်သွယ်လျှောက်ထားမေးမြန်းထားပါတယ်။
မဟာသန္တိသုခကျောင်းသိမ်းယူမှုနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။