တိုက်ပွဲကြောင့် ပဲနွယ်ကုန်းမြို့နဲ့ အနီးတစ်ဝိုက်ရွာတွေက ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ
2024.01.02

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်းနဲ့ ပဲနွယ်ကုန်းမြို့အနီးတစ်ဝိုက် တိုက်ပွဲပြင်းထန်နေတာကြောင့် ပဲနွယ်ကုန်းမြို့အပါအဝင် အနီးအနားရွာတွေက ဒေသခံတစ်သောင်းကျော် မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ထွက်ပြေး နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း နေ့စဉ် ဂျက်တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲနေသလို ကျောက်တံခါးမြို့နဲ့ ပဲနွယ်ကုန်းမြို့နား အခြေစိုက်ထားတဲ့ ခြေမြန်တပ်ရင်း ခမရ (၃၀၇) ကနေလည်း အတွဲလိုက်ဒုံးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အိမ်ခြေတစ်ထောင်ကျော်၊ လူဦးရေငါးထောင်ကျော်ရှိတဲ့ ပဲနွယ်ကုန်းမြို့ အပါအဝင် အနီးအနားက သဲကော၊ ကျောင်းစိုး၊ ချောင်းကျိုး၊ ထိန်တော၊ သဲဖြူရွာသစ်၊ ဇရပ်ခင် (ရွာသစ်၊ ရွာဟောင်း)၊ ကွင်းချောင်းဝ၊ ရွာသစ်ကုန်း၊ ညောင်ဝိုင်း၊ လက်ပံကုန်း၊ ပျဉ်းမပင်၊ ကင်မွန်းချုံ စတဲ့ရွာတွေက ပြည်သူတစ်သောင်းကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲရပ်သွားလည်း စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီးနဲ့ပါ နေ့စဉ်ပစ်နေတာကြောင့် ထိခိုက်၊ သေဆုံးမှုတွေရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“၁၂ ရွာထက်မနည်းဘူး ပြေးနေရတာ။ တိုက်ပွဲမဖြစ်တဲ့အချိန်လည်း လက်နက်ကြီးက တောက်လျှောက် ပစ်နေတာလေ။ ဟောင်ဝှစ်ဇာနဲ့ စစ်တပ်ကနေပြီးတော့ ကျောက်တံခါးဘက်ကနေ ပစ်နေတယ်။ သူတို့ပစ်တာ အဝေးကြီးတွေရောက်တယ်။ အိမ်ပေါ်တွေကျတယ်။ သေကြတယ်။ တချို့ဆိုရင် မိသားစုလိုက် သေကြတယ်။ ကျွန်တော်တို့လည်း ပုန်းနေရတာကိုး အတိအကျတော့ မသိရဘူးလေ။ ဘေးကနေ ထမ်းသယ်သွားတာတွေ တွေ့တယ်။ မနေ့ကလည်း ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်၊ ရဟတ်ယာဉ်နဲ့တစ်ကြိမ် လာဗုံးကြဲပြီး ပစ်သွားတာ။ ဟိုရက် တွေကဆိုရင် ပိုဆိုးတယ်။ ညရော၊ နေ့ရောကြဲတာ။ အကုန်လုံးပြေးနေရတယ်။ မပြေးရင်လည်း သေမှာပဲ”
ဇန်နဝါရီ ၂ ရက် ဒီနေ့မှာလည်း ပဲနွယ်ကုန်းနဲ့ အနီးတစ်ဝိုက် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ပျံသန်းနေတယ်လို့ ဆိုပါတယ်။
နေ့စဉ် လေကြောင်းနဲ့ဗုံးကြဲတာတွေ ရှိနေတဲ့အတွက် အိမ်မွေးတိရစ္ဆာန်တွေကိုထားခဲ့ရပြီး အဆင်ပြေတဲ့ လမ်းကြောင်းကနေ ထွက်ပြေးခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကွင်းချောင်းဝရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“အကုန်ထားခဲ့ရတာပေါ့။ အကုန်လုံး လက်လွတ်ခွက်ကျွတ်ပြေးတာပေါ့။ ညတွင်းချင်းကြီးဆိုတော့။ ထွက်လို့ရတုန်း ထွက်မယ်ဆိုပြီး ပြေးတာပေါ့။ ကျွန်တော်သိသလောက်ဆိုရင် ၂၆ ရက်လောက်က စပစ်ကြတာ။ တဖြည်းဖြည်းနဲ့ နေ့တိုင်းလိုလို ပစ်ခတ်သံတွေကြားနေရတော့ ကျွန်တော်တို့လည်း မနေရဲကြတော့ ဘူးလေ။ ရွာသားတွေ ကုန်သလောက်နီးပါးပါပဲ။ ကျွန်တော်တို့ ကွင်းချောင်းဝတို့၊ အဲဒီ ရွာသစ်ကုန်းတို့၊ ချောင်းကျိုးတို့ ရွာတွေကတော့ လူတွေက မရှိသလောက်ဖြစ်သွားပြီ။ ရှောင်ကြတာပေါ့လေ ကြောက်လို့၊ တိုက်ပွဲဖြစ်ရင် ကြားညှပ်မှာ ကြောက်လို့ ”
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူကိုးထောင်နီးပါးနေထိုင်တဲ့ နတ်သံကွင်းမြို့မှာလည်း တိုက်ပွဲတွေကြောင့် အများစု ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း ပဲနွယ်ကုန်းမြို့အပါအဝင် လက်ပံကုန်း၊ ပျဉ်းမပင်ရွာနဲ့ နတ်သံကွင်းမြို့မှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်က ကလေးငယ်လေးဦးအပါအဝင် အရပ်သား ရှစ်ဦး သေဆုံးခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ ထွက်ပြေးနေကြရတာကြောင့် ထိခိုက်သေဆုံးတဲ့ အရေအတွက် အတိအကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကတော့ နတ်သံကွင်းမြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားနိုင်ကြောင်း ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ပဲခူးတိုင်းအရှေ့ခြမ်းက တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေအတွင်း အရပ်သား ၂၆ ဦး သေဆုံးပြီး ၇၁ ဦး ဒဏ်ရာ ရခဲ့ပါတယ်။