အောင်သပြေရွာသား ၄၀၀ ခန့် ပြည်သူ့ပါတီ ဝင်ရောက်ခွင့် အဆိုပြုလွှာပေးအပ်
2019.01.17

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက ဒေသခံ ရွာသား ၄၀၀ ခန့်ဟာ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေရဲ့ပါတီဖြစ်တဲ့ “ပြည်သူ့ပါတီ” ဝင်ရောက်ခွင့်အတွက် ပါတီဝင် အဆိုပြုလွှာတွေကို ဒီနေ့ အောင်သပြေကျေးရွာမှာ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကျော်စိုးက ပြည်သူ့ပါတီမှာ ကဏ္ဍအသီးသီးက ဝင်ရောက်ပူးပေါင်းလာတဲ့ ပါတီဝင် ရဲဘော်တွေနဲ့ စုစည်းထားဖြစ်တယ်လို့ ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ပြည်သူ့ပါတီကို ဝင်ရောက်ဖို့အတွက် မန္တလေးတိုင်းအတွင်းမှာ အဆိုပြုလွှာပေးအပ်ထားသူ ၁၀၀၀ ကျော်ရှိပြီး စဉ့်ကိုင်၊ မြင်းခြံ၊ ပုဂံညောင်ဦးဒေသတွေ ကဖြစ်တယ်လို့ သိရပါတယ်။
အောင်သပြေကျေးရွာက ဒေသခံဦးရွှေအုန်းက ၈၈ မျိုးဆက်ကျောင်းသားတွေ ခေါင်းဆောင်တဲ့ပါတီဖြစ်လို့ အဲဒီပါတီကို ယုံကြည်ကြောင်းနဲ့ လိုအပ်နေတဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို လုပ်ပေမယ်လို့ ယုံကြည်တာကြောင့် ခုလို ဝင်ရောက်တာဖြစ်တယ်လို့ ပြောပါတယ်။
ပြည်သူ့ပါတီကို ဒီနေ့ဝင်ရောက်ကြတဲ့သူတွေဟာ အောင်သပြေကျးရွာအနီးမှာ တရုတ်နည်းပညာနဲ့ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစီမံကိန်းကို ကန့်ကွက်နေကြတဲ့ ရွာသားတွေလည်း ဖြစ်ပါတယ်။
အောင်သပြေကျေးရွာမှာ လူဦးရေ ၁၀၀၀ ကျော်ရှိပြီး မဲပေးခွင့်ရှိသူ ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။