ဖားကန့် ရုန်းရင်းဆန်ခတ်မှု ရေမဆေး ၅ ဦး သေနတ်မှန် သေဆုံး


2017.10.19
yaymasay-622.jpg ဖားကန့့်မြို့နယ်က စွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက် ရှာနေသူတွေကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုက တစ်သုံးလုံး ကုမ္ပဏီလုပ်ကွက်မှာ မနေ့ညပိုင်းက ရေမဆေးသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရေမဆေးသမား ၅ ဦး သေနတ်မှန်ပြီး သေဆုံးသွားတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါတယ်။

မနေ့ညက အဖြစ်အပျက်မှာ ပျက်စီးဆုံးရှုံ၊ ထိခိုက်သေဆုံးခဲ့တဲ့ အခြေအနေတွေကို ဦးကျော်စွာအောင်က ဒီကနေ့ နေ့လည်ပိုင်းမှာ အခုလိုပြောပြပါတယ်။

"ဖြစ်တာက ၁၀ နာရီခွဲလောက်မှာ။ ရေမဆေးအဖွဲ့တွေကနေပြီးတော့ လုံခြုံရေးတာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဓါးနဲ့ဝင်ခုတ်တာတို့။ မြေသယ်ယာဉ်တစ်စီးကိုတော့ မီးရှို့တယ်။ နောက် ဘက်ဟိုး ၃ စီးကိုလည်း ခဲတွေနဲ့ပေါက် ပြီးတော့ မှန်တွေခွဲပစ်တယ်။ မလိုလားတဲ့ဟာတွေ ဆက်မဖြစ်ဖို့အတွက် ခြောက်လှန့်ပစ်ခတ်ခဲ့တာပေါ့နော်။ အသေးစိတ်ဖြစ်ပျက်တဲ့ မြေပြင်အခြေအနေကိုတော့ ကျနော်တို့က မမြင်ရပေမယ့် ဖြစ်စဉ်ကိုချုပ်လိုက်တဲ့ အခါမှာတော့ ဖြစ်စဉ်မှာတော့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေမှာတော့ လေး ငါးဦးလောက်တော့ သာမန်ထိခိုက် ဒဏ်ရာလေးတွေ ရတာပေါ့။ ကျောက်ခဲမှန်တာတို့။ ဘာတို့။ ရေမဆေးရှာဖွေသူတွေထဲမှာတော့ ငါးယောက်ကတော့ ပစ်ခတ်တဲ့ဒဏ်ရာကြောင့် ဆုံးသွားတာပေါ့။ နှစ်ဆယ်လောက်ကတော့ ဒဏ်ရာရတယ်"

အဲဒီ ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ရေမဆေးသမား ၂၀ ဒဏ်ရာရခဲ့သလို ရဲတပ်ဖွဲ့ဝင် ၅ ယောက်လည်း သာမာန်ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက ၁၁ ယောက်ကို လုံးခင်းဆေးရုံကနေ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။

နယ်မြေတည်ငြိမ်မှုတွေမရှိတဲ့ ဖားကန့်ဒေသမှာ အခုလိုအဖြစ်အပျက်တွေ မကြာခဏဖြစ်လို့ တနိုင်တပိုင် ရေမဆေးကျောက်ရှာသူတွေ ထိခိုက်သေဆုံးမှုတွေနဲ့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာအနာတရတွေ ရရှိနေတာပါ။

မနေ့ညကအဖြစ်အပျက်မှာ ပါဝင်ခဲ့တဲ့ ရေမဆေးသမားတွေကိုတော့ RFA က ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းကတော့ ရေမဆေးသမားတွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ လုပ်ကိုင်ရမှာဖြစ်သလို လုံခြုံရေးတပ်ဖွဲ့တွေကလည်း ရေမဆေးသမားတွေဟာ ကိုယ့်နိုင်ငံသားတွေဖြစ်တဲ့ဆိုတဲ့ အမြင်နဲ့ နှစ်ဘက်လုံးက ထိန်းသိမ်းဆောင်ရွက်သင့်တယ်လို့ ပြောပါ တယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ရေမဆေးသမားတွေအပါအဝင် တစ်နိုင်ငံလုံးက လာရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သား ခန့်မှန်းနှစ်သိန်းဝန်းကျင်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။