ဖားကန့် ပြိုကျအိမ်တွေ ကုမ္ပဏီတွေက ပြန်ဆောက်ပေး မယ်
2016.04.13

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာအုပ်စု လဂူးချောင်မှော်ရွာမှာ နေအိမ် ၄၀ ကျော် ပြိုကျပျက်စီးတာကို သက်ဆိုင်ရာကျောက်မျက် တူးဖော်ရေးကုမ္ပဏီ ၅ ခုက ပြန်လည်ပြင်ဆင်ဆောက်လုပ်ပေးမှာဖြစ်ကြောင်း ဒီနေ့ သဘောတူလက်မှတ်ရေးထိုးပြီး ကတိပေးလိုက်ပါတယ်။
ကုမ္ပဏီ ၅ခုနဲ့ ဒေသခံတွေအကြား သဘောတူညီမှုရရှိထားတဲ့အချက်တွေကို ကုမ္ပဏီတွေဘက်က လိုက်နာဆောင် ရွက်ပေးမှာဖြစ်ကြောင်း လက်မှတ်ရေးထိုးပေးသွားတယ်လို့ ဒေသခံ ဦးရွှေသိန်းက ပြောပါတယ်။
"လုံးဝပျက်ဆီးသွားတဲ့ အိမ်တွေကို အသစ်ပြန်လည်ဆောက်ပေးဖို့အတွက် ဆုံးဖြတ်ချက်ချတာရှိတယ်၊ လုံးဝပျက်တာ မဟုတ်ဘဲနဲ့ ယိုယွင်းသွားတဲ့အိမ်တွေကိုကျတော့ ကျွမ်းကျင်တဲ့လက်သမား၊ ပန်းရံဆရာတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ပြန်လည်ပြုပြင်သွားမှာဖြစ်ပါတယ်၊ နိမ့်ကျသွားတဲ့မြေကို လမ်းကြောင်းဖော်ပြီးတော့မှ ပုံမှန်ပြန်ဖြစ်အောင် မြေစာဖို့ပြီးဆောင်ရွက်သွားမှာဖြစ်တယ်"
နေကြာရတနာ၊ စိမ်းကမ္ဘာ၊ မြန်မာ့ဂုဏ်ရည်၊ ကျောက်စိမ်းမင်း စတဲ့ ကုမ္ပဏီ ၅ ခုက လဂူးချောင်မှော်ရွာ မှာ ကျောက်မျက်တူးဖော်ပြီး မြေစာစွန့်ပစ်ကြတာဖြစ်ပါတယ်။
အဲ့ဒီမြေစာပုံအနီးမှာ ရွာသားတွေ အခြေချနေထိုင်နေတာ သုံးနှစ်ကျော်ရှိပြီး ကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ ဒီနှစ်ဆန်းပိုင်းက စတင်တူးဖော်ရာမှာ အက်ကြောင်းတွေကနေ တဆင့် မြေပြိုမှုတွေဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစပြီး မတ်လအထိ ပြိုကျခဲ့တဲ့ နေအိမ် ၄၈ လုံးရှိပြီး ယိုင်နဲ့လာတဲ့ နေအိမ်တွေလည်း ရှိနေပါတယ်။
ဒေသခံတွေဟာ ဒီလဆန်းပိုင်းကစတင်ပြီး ၁၂ ရက်ကြာဆန္ဒပြတောင်းဆိုခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ၂ ကြိမ် တွေ့ဆုံဆွေးနွေးအပြီးမှာ သဘောတူညီမှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။
လဂူးချောင်ကျေးရွာမှာ အိမ်ခြေ ၃၀၀ နီးပါးနဲ့ လူဦးရေ ၇၀၀ လောက် နေထိုင်ကြတာဖြစ်ပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြန်မာနိုင်ငံအနှံ့ကနေ ရွှေ့ပြောင်းနေထိုင်ကြသူအများစုဟာ စွန့်ပစ်မြေစာပုံတွေအနီးမှာ ရွာတည်ပြီး အခြေချနေထိုင်ကြတာဖြစ်ပါတယ်။