ဖားကန့်မှာ ရဲတပ်ဖွဲ့နဲ့ ရေမဆေး သမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွား


2017.06.26
pharkhant-620.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါကျဲမှော်မှာ ဇွန်လ ၂၅ ရက်ေ်န့ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုအတွင်း သေနတ် ထိမှန် သေဆုံးခဲ့သူ ကိုဇော်ဝင်း ကို တွေ့ရစဉ်
Photo: Aung Myint Thu Facebook

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါကျဲမှော်မှာ မနေ့ညနေပိုင်းက ငွေဆင်ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ရဲ့လုံ ခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရေမဆေးသမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရေမဆေး သမားတစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒါဏ်ရာရရှိခဲ့ပါတယ်။

အစိုးရနဲ့အကျိုးတူလုပ်ကိုင်နေတဲ့ အဲဒီလုပ်ကွက်မှာ မနေ့က ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး သေမှုသေခင်းနဲ့ အမှုဖွင့် ထားတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး က ပြောပါတယ်။

"ရဲတပ်ကြပ်ကြီးမျိုးမင်းဦး ဦးစီးတဲ့ တပ်ဖွဲ့ဝင် ၆ ဦး အဲ့မှာရှိနေပါတယ်၊ မဝင်လာဖို့တားဆီးတာကို မရတဲ့ အတွက်ကြောင့် ရဲတပ်သားကျော်ဆွေဦးက သူကိုင်တဲ့သေနတ်နဲ့ ခြောက်ပြီးပစ်တဲ့အခါ မှာ ရေမဆေးကျောက်အဖွဲ့တွေထဲက ဇော်ဝေဆိုတဲ့သူသေနတ်ထိမှန်သွားတာပါ"

ရေမဆေးသမားတစ်ထောင်ကျော်က လုပ်ကွက်ထဲကို ညနေလေးနာရီခွဲမတိုင်ခင် ဝင်လာကြတာကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့က ခြိမ်းခြောက်ပစ်ခတ်ရာမှာ သေဆုံးရတာလို့ ပြောနေသူတွေရှိသလို နှစ်ဘက်ရုန်းရင်းဆန်ခတ်ဖြစ်ရာ ကနေ ပစ်ခတ်မှုဖြစ်လို့ သေဆုံးတာလို့လည်း ပြောဆိုသူတွေ ရှိနေပါတယ်။

အဲဒီလိုဖြစ်ပွားရာမျာ အသက်နှစ်ဆယ်ကျော်အရွယ် ရေမဆေးသမား ကိုဇော်ဝေဆိုသူ သေနတ်ထိမှန်ပြီး သေဆုံးခဲ့ ပါတယ်။  သေနတ်နဲ့ခြိမ်းခြောက်ပစ်ခတ်တဲ့ အမှတ် ၁၆ ရဲလုံခြုံရေးတပ်ဖွဲ့က ရဲတပ်သား ကိုကျော်ဆွေဦး လည်း ရေမဆေးသမားတချို့ရဲ့ ရိုက်နှက်မှုတွေခံရပြီး ဒါဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ကုမ္ပဏီရဲ့ဘက်ဟိုးယာဉ်၊ ကျောက်ဖောက်စက် စတဲ့ စက်ယန္တရားတချို့ကို ရေမဆေးသမားတွေက မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်ဒေသအတွင်းစုံစမ်းမှုတွေအရ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ရေမဆေး သမားတွေကို ပြဿနာဖြစ် ပွားအောင် နောက်ကွယ်ကနေ လှုံ့ဆော် ဖန်တီးသူတွေရှိနေကြောင်းလည်း ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရေမဆေးကျောက် ရှာဖွေနေကြသူတွေအကြားမှာ ရုန်းရင်းဆန်ခတ်မှုတွေမကြာခဏဖြစ်လို့ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။