လက်ကိုင်ဖုန်းပြောခ လုပ်ငန်းခွန် ဆိုင်းငံ့ပေးဖို့ အဆိုတင်သွင်း


2015.05.21
phone-bill-305.jpg ဖုန်းငွေဖြည့်နေသူတစ်ဦးကို တွေ့ရစဉ်
Photo: RFA

လက်ကိုင်ဖုန်းပြောဆိုခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမယ့်အစီအစဉ်ကို ဆိုင်းငံ့ပေး ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ အရေးကြီးအဆို တင်သွင်းရာ လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံမယ့် အပေါ် ဖုန်းသုံးစွဲသူတွေက မကျေနပ်ကြတဲ့အတွက် အခွန်ကောက်ခံမယ့် အစီအစဉ်ကို တစ်နှစ်ဆိုင်းငံ့ပေးဖို့ အခုလိုတင်ပြခဲ့တာဖြစ်ပါတယ်။

"ဖုန်းခေါ်ဆိုခ ကြိုတင်ထည့်သွင်းငွေများထဲက ကုန် သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြတ်တောက်ကောက် ခံသည့်ကိစ္စကို ၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍရေးနှစ်အတွင်း ကင်းလွတ်ခွင့်ပြုနိုင်ရန် တည်ဆဲပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား ပြည်ထောင်စုလွှတ်တော်သို့ အမြန်ဆုံးတင်သွင်း အတည်ပြုပေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော် နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်အတည်ပြုပေးနိုင် ပါရန် လေးစားစွာတင်ပြအပ်ပါတယ်"

အဲဒီ့အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ထောက်ခံခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မိုဘိုင်းဖုန်းသုံးစွဲသူအားလုံးဟာ လာမယ့် ဇွန်လ ၁ ရက်နေ့ကစပြီး ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင် ရတော့မှာဖြစ်ကြောင်း ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကြေညာခဲ့တာဖြစ်ပါတယ်။

ကျပ်တစ်ထောင်တန် ငွေဖြည့်ကတ်အတွက် ၄၈ ကျပ်၊ ငါးထောင်တန်အတွက် ၂၃၈ ကျပ်၊ တစ်သောင်းတန်အတွက် ၄၇၆ ကျပ် နဲ့ နှစ်သောင်းတန်အတွက် ၉၅၂ ကျပ်ကို ငွေဖြည့်စဉ်မှာ ဖြတ်တောက်မှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။