ကိုဖုန်းမော်နေ့ အခမ်းအနား နယ်သာလန်မှာ ကျင်းပ
2011.03.13
ဒီကနေ့ နယ်သာလန်နိုင်ငံ အူးသရက် (Utrecht) မြို့မှာ လူငယ် ၃ဝ လောက်က အခမ်းအနားတခု ကျင်းပပြီး ကျဆုံးသွားခဲ့ပြီဖြစ်တဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင် အပါအဝင် လက်ရှိ အကျဉ်းထောင်တွေထဲမှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို ဂုဏ်ပြု အခမ်းအနား ကျင်းပခဲ့တဲ့ အကြောင်း NLD-LA နယ်သာလန်နိုင်ငံ ဌာနခွဲရဲ့ တာဝန်ခံ တဦးဖြစ်တဲ့ စိုင်းမျိုးဆက်က အာအက်ဖ်အေကို ပြောပါတယ်။
“အဲဒီတုန်းက ကျနော်မမွေးသေးဘူးဆိုတော့ ကျနော် တက်ရောက်နားထောင်တယ်။ ကျနော်တို့ မျိုးဆက်သစ် အနေနဲ့က ခွပ်ဒေါင်းစိတ်ဓာတ် ရခဲ့ပါတယ်။ အခု လက်ရှိ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ကျနော်တို့ လူငယ်ကျောင်းသားတွေ လက်တွဲပြီးတော့ စစ်အစိုးရ ပြုတ်ကျသည်အထိ တိုက်ပွဲဝင်မယ့်အကြောင်း နားထောင်ခဲ့ရပါတယ်။ ၈၈ နောက်ပိုင်း ထွက်လာတဲ့ အကိုကြီးတွေနဲ့ တွေ့ရတော့ ဒီတာဝန်ကို ကျနော်တို့ ထမ်းဆောင်ရမယ့် အချိန်ရောက်လာတဲ့အတွက် ပြည်တွင်းပြည်ပက ကျနော်တို့ မျိုးဆက်လူငယ်တွေ ဒီစိတ်ဓာတ်တွေကို ဆက်လက်ပြီး တာဝန်ယူမယ်လို့ ပြောခဲ့ကြပါတယ်”
လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားတွေက အစိုးရဆန့်ကျင်ရေး ဆန္ဒပြရာမှာ လုံထိမ်းရဲတွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့အတွက် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် နဲ့ ကိုစိုးနိုင်တို့ သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။