သြင်္ကန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူကို သီပေါထောင် ပြောင်းရွှေ့

X2O ရေကစားမဏ္ဍပ်ရှေ့ဗုံးကွဲတာကို ဓာတ်ပုံသတင်းထောက် လုပ်မှုနဲ့ စွပ်စွဲ ထောင်ချခံလိုက်ရတဲ့ ဦးမောင်မောင်ဇေယျ ခေါ် စာရေးဆရာ သားကြီး မောင်ဇေယျကို အင်းစိန်ထောင်ကနေ ရှမ်းပြည်မြောက်ပိုင်း သီပေါထောင်ကို ပို့လိုက်တာလို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ စုံစမ်း သိရှိရပါတယ်။

2011.02.24
free_prisoners_manila_305_z.jpg မြန်မာနိုင်ငံမှ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဖိလိပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ၂၀ဝ၉ စက်တင်ဘာ ၂၅ ရက်နေ့က ဖိလိပိုင် လူမျိုးများ စုရုံးဆန္ဒပြကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီကိစ္စနဲ့ ပတ်သက်လို့ အင်းစိန်ထောင်အရာရှိတွေက ဒီကနေ့ တရားဝင် စာနဲ့ ပြောဆိုလိုက်တာလို့ စာရေးဆရာ သားကြီးမောင်ဇေယျရဲ့ ဇနီး ဒေါ်ရီရီတင့်က RFA ကို ပြောပါတယ်။

“ဒီနေ့ပဲ သွားခဲ့တာလေ၊ သွားတွေ့တဲ့အခါကျတော့ သီပေါထောင်ကို ၂၂ ရက်နေ့က ပြောင်းသွားပါပြီတဲ့၊ အဲလိုပဲ စာလေး ရေးပေးလိုက်တယ်။ ၂၂ ရက်နေ့ မနက် ၃ နာရီက ထုတ်တယ်ဆိုတော့လေ၊ အဲဒီနေ့က ရထားနဲ့ သွားဦး၊ ဒီနေ့မှ ရောက်မယ် ထင်တာပဲ။”

စစ်အစိုးရဟာ ဦးမောင်မောင်ဇေယျကို မကြာသေးခင်ကမှ ထောင်ဒဏ် ၁၃ နှစ်ချပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အင်းစိန်ထောင်ကနေ မနက် ၃ နာရီမှာ ခေါ်ထုတ်သွားတာပါ။

မိသားစုတွေ ပုံမှန် ထောင်ဝင်စာတွေ့ဖို့ အခက်အခဲရှိမဲ့ နယ်ဝေးထောင်ကို အပို့ခံလိုက်ရတဲ့ ဦးမောင်မောင်ဇေယျဟာ အသည်းနဲ့ နှလုံးရောဂါ ရှိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

သူ့နဲ့အတူ အဖမ်းခံရပြီး ထောင်ချခံထားရတဲ့ သားဖြစ်သူ ကိုစည်သူဇေယျကတော့ နောက်ထပ် စွဲချက်တင် ခံထားရတဲ့ ပုဒ်မတွေနဲ့ တရားရုံး ထွက်နေရတုန်းပဲ ဖြစ်လို့ အင်းစိန်ထောင်မှာပဲ ကျန်ရစ်ခဲ့ပါတယ်။

မတ်လ ၁ ရက် လာမဲ့ အင်္ဂါနေ့မှာ ကိုစည်သူဇေယျကို နောက်တကြိမ် ရုံးထုတ်ဖို့ ချိန်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။