ဓာတ်ပုံ သတင်းထောက် ကိုဇော်ဇော် ထောင်သုံးနှစ် ချမှတ်ခံရ

ဧရာဝတီသတင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုဇော်ဇော်ကို အာဏာဖီဆန်လာအောင် ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ စစ်ကောင်စီ က မန္တလေး အိုးဘိုထောင်တွင်းက အထူးတရားရုံးကနေ ဩဂုတ်လ ၂၄ ရက် မနေ့က ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အဲဒီထောင်သုံးနှစ်ဟာ ဒီပုဒ်မအတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တယ်လို့ အဲဒီမိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
"မနေ့က အိုးဘိုထောင် အထူးတရားရုံးကနေ ထောင်ဒဏ် သုံးနှစ် ချလိုက်တယ်။ ဒီပုဒ်မ - ၅၀၅ မှာတော့ အမြင့်ဆုံးပြစ်ဒဏ်ပါ။ အခု အိုးဘိုထောင်ထဲမှာပဲ ဆက်ရှိနေတယ်။ ထောင်ပြောင်းခံရမယ်လို့တော့ မကြားမိဘူး။ သူ့မှာက မိန်းမနဲ့ ကလေးလည်း ရှိသေးတယ်။ ကြားရတာတော့ တကယ်စိတ်မကောင်းဘူး"
ကိုဇော်ဇော် အမှုကို မန္တလေး၊ အောင်မြေသာဇံမြို့နယ် အမှတ် (၁) ရဲစခန်းမှူး ရဲအုပ် မြင့်လွင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ တရားလိုပြုလုပ် စွဲဆိုခဲ့တာဖြစ်ပြီး အမှုကို အချိန်သုံးလကြာ စစ်ဆေးပြီးနောက် မနေ့က အမိန့်ချမှတ်ခံရတာလည်း ဖြစ်ပါတယ်။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ကိုဇော်ဇော်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဧရာဝတီ သတင်းဌာနမှာ အလုပ်ဆက်မလုပ်တော့ဘဲ မိသားစုနဲ့အတူ မန္တလေးမြို့မှာ ဆက်လက်နေ ထိုင်ခဲ့တာပါ။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှာတော့ မန္တလေးမြို့က အလှူတစ်ခုကအပြန် အဖမ်းခံခဲ့ရတာလို့လည်း မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကိုဇော်ဇော် စွပ်စွဲခံရတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) ဟာ တပ်မတော်သားတွေ က ဖြစ်စေ၊ အစိုးရဝန်ထမ်းတွေက ဖြစ်စေ၊ အစိုးရ ဒါမှမဟုတ် တပ်မတော်အပေါ်မှာ မေတ္တာပျက်စေအောင်၊ စည်းကမ်း ဖီဆန်အောင်၊ သစ္စာမဲ့အောင်၊ စိတ်ဓာတ်တက်ကြွမှု၊ စည်းကမ်းသေဝပ်မှု၊ ကျန်းမာမှု၊ ဝတ္တရားဆောင်ရွက်မှု တွေကို ယုတ်လျော့စေအောင်၊ ထိခိုက်စေအောင်၊ တားမြစ်စေအောင်၊ အနှောင့်အယှက်ပြုစေအောင်၊ ပျက်စီးစေအောင် ကြံရွယ်တာ စတဲ့အချက်တွေအတွက် ပြဋ္ဌာန်းထားတာပါ။ ဒီပုဒ်မဟာ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတစ်ခုလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်နေ့က ထုတ်ပြန်ချက်မှာတော့ အောင်မြေသာဇံမြို့နယ်၊ ဒေါနုဘွားရပ်ကွက်နေ ဇော်ဇော်အောင် (ခ) ဇော်ဇော်ဟာ Zaw Zaw Diana ဖေ့စ်ဘွတ်ခ်အကောင့်ကိုသုံးပြီး နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး ပျက်ပြားစေအောင် ရည်ရွယ်ချက်နဲ့ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေ ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေဟာ ဖိနှိပ်ခံနေရဆဲဖြစ်ပြီး သတင်းသမားတွေ ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းတစ်နှစ်ခွဲကျော်ကာလအတွင်း အဖမ်းခံရတဲ့ သတင်းသမားပေါင်း ၁၄၂ ဦး ရှိနေပြီး အဲဒီအထဲက တရားစွဲခံထားရသူ ၉၅ ဦး အထိ ရှိနေတာလည်း ဖြစ်ပါတယ်။