မြန်မာ ၂၀ ကျော်ပါ သင်္ဘောတစီး ပင်လယ်ဓားပြတွေ ဖမ်းဆီးသွား

မြန်မာသင်္ဘောသား ၂၃ ဦး လိုက်ပါပြီး အမေရိကန် ကုမ္ပဏီတခုက ပြေးဆွဲနေတဲ့ လိုက်ဘေးရီးယား အလံတင် ကုန်တင်သင်္ဘော MV Panama ကို ဆိုမာလီ ပင်လယ်ဓားပြတွေ ဖမ်းဆီးသွားကြောင်း ဥရောပ သမဂ္ဂ ရေတပ်က မနေ့က သတင်းထုတ်ပြန်ပါတယ်။

2010.12.11

ဒီသင်္ဘောဟာ တန်ဇန်းနီးယား နိုင်ငံကနေ မိုဇမ်ဘစ်နိုင်ငံ ဘိုင်ရာမြို့ဆိပ်ကမ်းကို အသွား လမ်းမှာ စက်လှေငယ် ၂ စီးပေါ်က လက်နက်ကိုင် ပင်လယ်ဓားပြ ၅ ဦးက ပခုံးထမ်းဒုံးကျည်နဲ့ ပစ်ခတ်ပြီး ဝင်ရောက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဒီသင်္ဘောဟာ မိုဇမ်ဘစ်နဲ့ တန်ဇန်းနီးယား နယ်စပ်အကြား ရေမိုင် ၈၀ ခန့် အကွာမှာ ရှိပြီး သင်္ဘောသားအားလုံး မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်း ဥရောပသမဂ္ဂ ရေတပ်က သတင်း ထုတ်ပြန်ပါတယ်။ သင်္ဘောသားတွေရဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ဆိုမာလီနိုင်ငံ ရေပြင်ကို ကျော်ပြီး တောင်ပိုင်းကျကျအထိ ပင်လယ်ဓားပြတွေ ဝင်ရောက် စီးနင်းလာတာကို ကြည့်ရင် ပင်လယ်ဓားပြတွေ ကျက်စားတဲ့ နယ်မြေ တဖြည်းဖြည်း ချဲ့ထွင်လာနေတာကို သိနိုင်ပါတယ်လို့ အီးယူရေတပ်က ပြောပါတယ်။

ဆိုမာလီ ပင်လယ်ဓားပြတွေဟာ အိန္ဒိယ သမုဒ္ဒရာနဲ့ ဆိုမာလီကမ်းလွန် အီဒင်ပင်လယ်ကွေ့ တလျှောက်မှာ ကျက်စားနေပြီး ဒီနယ်မြေတဝိုက်မှာ နိုင်ငံတကာ ရေတပ်တွေ စောင့်ကြပ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။