မောက်စံရွာ NLD ပါတီဝင်တွေကို ပအိုဝ်းအမျိုးသားတပ်မတော်က ဖိအားပေး
2013.05.19

မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO လက်အောက်ခံ ပအိုဝ်း အမျိုးသားတပ်မတော် PNA အဖွဲ့က တောင်ကြီး မြို့ မောက်စံကျေးရွာက ဒေသခံ NLD ပါတီဝင်တွေကို ပါတီဝင်အဖြစ်က နှုတ်ထွက်ခိုင်းတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ကို NLD ပါတီက ဒီကနေ့ တိုင်ကြားစာတစ်စောင် ပေးပို့လိုက်ပါတယ်။
ဒီကနေ့ မနက်ပိုင်းက ကျင်းပတဲ့ တောင်ကြီးခရိုင် NLD ပါတီ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချပြီး အခုလို တိုင်ကြားခဲ့တာဖြစ်တယ်လို့ တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်တိုးက RFA ကို အခုလို ပြောပါတယ်။
“ကျနော်တို့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ PNO က လက်နက်ကိုင်အဖွဲ့အစည်းနဲ့ တစ်ခြားသော နိုင်ငံရေးပါတီတစ်ခုက ပါတီဝင်တွေကို နှုတ်ထွက်ခိုင်းတယ် ဆိုတာက ရွေးကောက်ပွဲကော်မတီရဲ့ ဥပဒေနဲ့ ငြိစွန်းနေပါတယ်၊ အဲဒီအတွက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ရော ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အနေနဲ့ရော သတိပေးတားမြစ်တာမျိုးတွေ လုပ်စေချင်ပါတယ်၊ အဲဒါကိုလည်း ကျနော်တို့ဆွေးနွေး ပါတယ်”
PNA ပအိုဝ်းစစ်သားတွေဖက်က လယ်မြေတွေ သိမ်းဆည်းထားတာကို ပြီးခဲ့တဲ့ရက်ပိုင်းက မောက်စံကျေးရွာက NLD ပါတီဝင်တောင်သူတွေက ပြန်လည်ထွန်ယက်ခဲ့တဲ့အတွက် ပအိုဝ်းစစ်သားတွေက အဲ့ဒီကျေးရွာတွေက ပါတီဝင်တောင်သူတွေအားလုံးကို နှုတ်ထွက်ဖို့ စေခိုင်းခဲ့တာလို့ သိရပါတယ်။
ဆတ်သေကျေးရွာက ပါတီဝင်တစ်ချို့ ဒီကနေ့ရောက်ရှိလာပြီး ဆတ်သေနဲ့ မြေမဲကျေးရွာတွေက ဒေသခံ NLD ပါတီဝင် ၅၇ ဦးရဲ့ နှုတ်ထွက်စာတွေ လာတင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီလို ဖြစ်လာတဲ့အတွက် လက်ရှိဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးအရေးယူပေးဖို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် တို့ကို တောင်ကြီးခရိုင် NLD ပါတီက တိုင်ကြားစာပေးပို့ခဲ့ကြတာဖြစ်ပါတယ်။