ကိုကိုကြီးနဲ့ အဖွဲ့ပုဒ်မ ၁၉ နဲ့ တရားစွဲခံရ
2014.12.21

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်က အများပိုင်အားကစားကွင်းကို အဆောက်အဦး ဆောက် လုပ်ခွင့်ပြု ထားတဲ့အတွက် ဒီနေ့ဆန္ဒပြကြရာမှာ ဆန္ဒပြသူ ၂၀၀ ထဲက ဦးဆောင်သူ ၈၈မျိုးဆက် ကိုကိုကြီး နဲ့ ၄ ဦးကို တောင်ဥက္က လာပမြို့နယ် ရဲစခန်းမှူးက ပုဒ်မ ၁၉ နဲ့ တရားစွဲလိုက်ပါတယ်။
ခွင့်မပြုတဲ့နေရာမှာ ဆန္ဒပြဟောပြောမှု ပုဒ်မ ၁၉ နဲ့ တရားစွဲခံရတာဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူ တစ်ဦးဖြစ်သူ နိုင် ငံရေးအကျဉ်းသားဟောင်း ဦးမုန်းခက်က ပြောပါတယ်။
" တရားဝင် ကိုကိုကြီးနဲ့ ဒေါက်တာစောနိုင် တို့ဟောပြောခွင့် ပါမစ်တင်တယ်၊ ပါမစ်ကို သူတို့ကလက်တော့ လက်ခံတယ်၊ ဒါပေမယ့် သူတို့ညွှန်ကြားထားတဲ့ လူမရှိတဲ့ဟစ်တိုင်လေ၊ အဲ့နေရာကို သူတို့ကလုပ်ခွင့်ပေး တယ်၊ အဲ့ဒါကို ဦးတို့ကလက်မခံဘူး၊ ဒီဆောက်လုပ်မယ့် အဆောက်အဦးရှေ့မှာပဲ ဦးတို့က စည်းကမ်းတကျ ဟောပြော တယ်၊ ဟောပြောပြီး၊ လမ်းလျှောက်ပြီးတော့ တောင်ဥက္ကလာမှာရှိတဲ့ အရှေ့ပိုင်းခရိုင် စည်ပင်ရုံးရှေ့မှာ ထပ်ပြီးတော့ ကားပေါ်တက်ပြီးတော့ ဒေါက်တာစောနိုင်ရယ်၊ ကိုကိုကြီးရယ် ဟောပြော တယ်၊ ဦးတို့ ၅ ယောက်ကိုပြီးလဲပြီးရော တောင်ဥက္ကလာမြို့နယ်မှူး ဦးမျိုးအောင် ကနေပြီးတော့ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုလိုက်ပါတယ် "
ဦးဆောင်ဟောပြောသူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကိုကြီး၊ ဒေါက်တာစောနိုင်၊ ဦးနိုင်ကို လင်း၊ ဦးအောင်မော်နဲ့ ဦးမုန်းခက်တို့ကို ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
တောင်ဥက္ကလာပမြို့နယ် ၉ရပ်ကွက်က ပေ ၁၀၀ ကျော် ကျယ်ဝန်းတဲ့ အများပိုင် အားကစားကွင်းကို ပြီးခဲ့တဲ့ နှစ်အတွင်း ရန်ကုန်မြို့တော်ဝန်က သိမ်းဆည်းပြီး အဆောက်အဦးဆောက်လုပ်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလို ဆောက်လုပ်ခွင့်ပြုထားတာကို ရပ်ကွက်အတွင်း နေထိုင်သူတွေက ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ ကန့်ကွက်စာတင်ခဲ့သလို ဆန္ဒပြပွဲတွေလည်း ပြုလုပ်ခဲ့တဲ့အတွက် ဆောက်လုပ်မှု ရပ်ဆိုင်းခဲ့ပြီး အခု ဒီဇင်ဘာလ မှာ ပြန်လည်လုပ်ဆောင်လာတာကြောင့် အခုလိုဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ နဲ့ တောင်ဥက္ကလာ မြို့နယ်မှာ နေထိုင်သူတွေ ပါဝင်ပါတယ်။