ပုပ်ရဟန်းမင်းကြီး မဟနနဲ့ တေ့ွဆုံမည်
2017.11.18
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာနိုင်ငံကို ကြွရောက်မယ့် အချိန်အတွင်း နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံမယ့် အချိန်နဲ့ နေရာအသေးစိတ်အချက်အလက်ကို မကြာခင်မှာ ထပ်ပြီးထုတ်ပြန်သွားမယ်လို့ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဒီနေ့ ပြောပါတယ်။
ပုပ်ရဟန်းမင်းနဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့တို့ တွေ့ဆုံချိန်မှာ ကမ္ဘာ့ငြိမ်းချမ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အမြင်ချင်းဖလှယ်ကြမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို ကြွရောက် မှာဖြစ်ပါတယ်။
နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီးဟာ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမှာဖြစ်တဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ မြန်မာနိုင်ငံက ရိုမန်ကက်သလစ် ဘာသာဝင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ အဲဒီ တွေ့ဆုံပွဲကို အိမ်နီးချင်းနိုင်ငံတွေက ကက်သလစ် ဘာသာဝင်တွေလည်း တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်အတွင်း ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို မသုံးနှုန်းဖို့အတွက် မြန်မာနိုင်ငံ ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ်ချားလ်စ်ဘိုက မေတ္တာရပ်ခံထားပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲဖို့ တိုက်တွန်းထားပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။