ပုပ်ရဟန်းမင်းကြီး Francis မြန်မာနိုင်ငံ ကြွရောက်မည်
2017.08.28
ပုပ်ရဟန်းမင်းကြီး Francis ဟာ ပထမဆုံးအကြိမ်အဖြစ် လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ရက်နေ့အထိ မြန်မာနိုင်ငံကို ၃ ရက်ကြာ ကြွရောက်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ဒီနှစ် အာရှတိုက်ခရီးစဉ်မှာ မြန်မာနိုင်ငံကို ကြွရောက်ဖို့ ရွေးချယ်တာ ဒေါ်အောင်ဆန်း စုကြည်ကြောင့် ဖြစ်နိုင်ကြောင်း ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်ရဲ့ လူမှုဆက်ဆံရေးဒါရိုက်တာ ဖာသာစိုးနိုင် က ပြောပါတယ်။
"သူကနှစ်စဉ် နှစ်တိုင်း နိုင်ငံတကာခရီးစဉ် သွားလေ့ရှိပါတယ်ခင်ဗျ၊ နိုင်ငံတွေရွေးသွားတယ်၊ ဒီနှစ်အာရှတိုက် ဘက်လာတဲ့အချိန်မှာ ကျနော်တို့အလှည့်ရတာပေါ့နော်၊ ဘာသာဝင်တွေများတဲ့နိုင်ငံတွေဆို သူ့ကိုဖိတ်ကြတယ်၊ ကျနော်သိရသလောက်တော့ သူ့ကိုဖိတ်ကြားတဲ့နိုင်ငံတွေက ၄ဝ၊ ၅ဝ လောက်ရှိတာပေါ့နော်၊ အဲဒီအချိန်မှာ သူက မြန်မာနိုင်ငံကိုရွေးတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေကို အားပေးချင်တဲ့သဘောနဲ့ လာတယ်လို့ ကျနော့်အနေနဲ့ နားလည်တယ်"
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ခရီးစဉ်အတွင်း ရန်ကုန်နဲ့ နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗာတီကန်ကို ရောက်ရှိချိန်တုန်းက ပုပ်ရဟန်းမင်းကြီးကို မြန်မာနိုင်ငံကို လာရောက်ဖို့ ဖိတ်ခေါ်ဖူးတာရှိတယ်လို့ သိရပါတယ်။
ရိုမန်ကက်သလစ်ဘာသာဝင်ဟာ မြန်မာနိုင်ငံမှာ ခန့်မှန်းခြေ ၇ သိန်းနီးပါးလောက်ရှိတယ်လို့ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်ထံကနေ သိရပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာနိုင်ငံခရီးစဉ်ပြီးနောက် ဘင်္ဂလားဒေရှ်နိုင်ငံကို ကြွရောက်မှာဖြစ်ပါတယ်။