ထိုင်းရောက် မြန်မာ အလုပ်သမားတွေရဲ့ တရားဝင်နေထိုင်ခွင့်ကိစ္စ ရွှေ့ဆိုင်း


2013.12.20

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ဆိုင်ရာကိစ္စတွေကို တစ်နေရာတည်းမှာ အပြီးဆောင်ရွက်ပေးမယ့်ဌာနတွေ ဒီလအတွင်း ဖွင့်လှစ်ရေးအစီအစဉ်ကို ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် ရွှေ့ဆိုင်းထား တာဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေကြတဲ့အဖွဲ့တွေက ပြောပါတယ်။ အဲဒီအစီအစဉ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလက နှစ်နိုင်ငံဆွေးနွေးခဲ့ကြပြီး၊ ဘန်ကောက်မြို့ မြန်မာသံရုံးအပါအဝင်၊ မဲဆောက်၊ မယ်ဆိုင်၊ ရနောင်း စတဲ့ ထိုင်း မြန်မာနယ်စပ်မြို့တွေမှာ အလုပ်သမားကိစ္စအားလုံး တစ်နေရာတည်းမှာ အပြီးဆောင်ရွက်ပေးမယ့်ဌာနတွေ ဖွင့်လှစ်ဖို့ သဘောတူညီခဲ့ကြတာပါ။ ဒါပေမဲ့ ဝန်ကြီးချုပ် ယင်လတ် အစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာကြောင့် ဒီအစီအစဉ်ကို ရွှေ့ဆိုင်းထားတာဖြစ်ပါတယ်။ အစီအစဉ်ပြန်စမယ့် နေ့ရက်ကို မသိရသေးပါဘူး။

ဒီနှစ် သြဂုတ်လအထိ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သန်း ခြောက်သိန်းကျော်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးခဲ့ပါတယ်။ မကြာခင်ကတော့ ထိုင်းနိုင်ငံမှာ အလုပ်ဆက်လက်လုပ်ကိုင်ကြမယ့် မြန်မာအလုပ်သမားတွေအတွက် အရင် ယာယီနိုင်ငံကူးလက်မှတ်တွေအစား အနီရောင် နိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့လည်း နှစ်နိုင်ငံကြား မကြာခင်က သဘောတူခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်သက်တမ်းကျော်လွန်နေသူ မြန်မာအလုပ်သမားပေါင်း သုံးသန်းကျော် ရှိတယ်လို့ အလုပ်သမားကူညီရေးအဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။