နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ အပစ်ရပ် ၁ဝ ဖွဲ့ လိုလား


2020.01.18

UPC ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ မတိုင်မီ NCA အပစ်မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ NCA အပစ်ရပ်အဖွဲ့တွေ တွေ့ဆုံပြီး ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ ပါဝင်လာနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ စတင်သွားမယ်လို့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ပြီးဆုံးသွားတဲ့ PPST အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

NCA အပစ်ရပ် ၁၀ ဖွဲရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ရှစ်ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး အစည်းအဝေးအပြီး  သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်း က အခုလို ပြောခဲ့တာပါ။

"ကျနော်တို့ဘက်မှာလည်း ဆောင်ရွက်တဲ့အပိုင်းတွေရှိတယ်၊ အဲဒါ ဘယ်လို ချိတ် လင့်ဖြစ်အောင် ဘယ်လို လုပ်ကြမလဲဆိုတဲ့ အဲဒါ ပြောရမယ့်အပိုင်းရှိတယ်၊ ဒါမှမဟုတ်ဘဲ စုပေါင်းပြီး တွေ့တဲ့ အခင်းအကျင်းမျိုး လုပ်မလား၊ အခုလောလောဆယ် အနေအထား အရဆိုရင် လာမယ့် မူဘောင်ပြင်ဆင်ရေး အစည်းအဝေး မှာတော့ ညီနောင်တွေ ကျနော်တို့ ဖိတ်မှာဖြစ်ပါတယ်၊ သဘောထား ကလည်း ကျပြီးသား ဖြစ်တယ်ဆိုတော့ ဦးဆုံးအဆင့်အနေနဲ့ ကျတော့ ခုနက ပြောတဲ့ လာမည့်မူဘောင်ပြင်ဆင်ရေး အစည်းအဝေးမှာတော့ မလွဲမသွေ ဖိတ်မှာဖြစ်ပါတယ်၊ ဒါတော့ ပထမ အစပြုတဲ့ စမှတ်တနေရာလို့မြင်ပါတယ်။ ဒါပေမဲ့ ခုနပြောသလို အသေးစိတ်ကြတော့ တစ်ဘက်က ကိုယ့်ရဲ့ ဆွေးနွေးဖော် ဆွေးနွေးဖက်နဲ့လည်း ထပ်မံညှိနှိုင်းတဲ့ အပိုင်းမှာ ရှိပါတယ်။"

အာဏာပိုင်တွေက ပိတ်ပင်ထားတဲ့အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဒေသအများအပြားမှာ ကျင်းပခွင့် မရသေးပါဘူး။

ဒါကြောင့် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် နေရာဒေသအသီးသီးမှာ မကြာခင် ကျင်းပသွားဖို့ ဒီအစည်းအဝေးက ဆွေးနွေးသဘောတူခဲ့ပါတယ်။ ဒါပေမဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်ရေးအဖွဲ့နဲ့ အစိုးရတို့ ဇန်နဝါရီလ ၂၈ ရက်နေ့ ရန်ကုန်မြို့မှာ တွေ့ဆုံမယ့် အစည်းအဝေးမှာ ထပ်မံညှိနှိုင်းသွားဖို့ လိုနေသေးတယ်လို့လည်း ဗိုလ်မှူးကြီး စိုင်းငင်း က ဆက်ပြောပါတယ်။

"အကြမ်းဖျဉ်း လျာထားတာတော့လည်း ဒီ မတ်လ လလယ်လောက်ကနေပြီးတော့ လကုန်လောက်အထိတော့ အဲလို အကြမ်းဖျဉ်း မှန်းထားတာပေါ့နော်။ အခု မူဘောင်ရဲ့ မူဘောင်အသစ်အရဆိုရင်လေ အခုဟာ ကျနော်တို့က Top ဒေါင်း ပြောတာကိုး Top ဒေါင်း ပြောတယ်ဆိုတဲ့အနေအထားကတော့ ကျနော်တို့ ဒီ လူမျိုးတိုင်းက ကျင်းပကို ကျင်းပရမယ့် အနေအထားဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကလည်း လာမည့် ကျနော်တို့ ၂၈၊ ၂၉ နှစ်ဘက် ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ တွေ့တဲ့ပွဲမှာ တရားဝင် ဆွေးနွေးဖို့ ရှိပါတယ်၊ အခင်းအကျင်းတော့ မသိသေးဘူးပေါ့နော့်။"

ကျင်းပပြီးစီးသွားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST  အစည်းအဝေးမှာတော့ JICM အစည်းအဝေးမှာ သဘောတူခဲ့တဲ့ လေးလပတ်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပဖို့ကို တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ်တွေက သတ်မှတ်ချိန်အတွင်း အောင်မြင်အောင် ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူခဲ့ပြီး NCA အပစ်ရပ် လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အတူတကွ ပါဝင်လာရေး ကြိုးပမ်းသွားဖို့ ဆုံးဖြတ်ချက်အပါအဝင် ဆုံးဖြတ်ချက် ငါးချက်ကို ချမှတ်ခဲ့ကြတယ်လို့  PPST ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က ပြောပါတယ်။

နိုင်အောင်မငေး (ပြောရေးဆိုခွင့်ရှိသူ၊ PPST)"ဒီ နှစ်ရက်တာ အစည်းအဝေးမှာ ကျနော်တို့ ဆုံးဖြတ်ချက် ငါးချက် ရတယ်။ နောက်တော့ မှတ်တမ်းအနေနဲ့ ဆိုရင် ကျနော်တို့ ၁၂ ချက်ရပါတယ်၊ ဒီ နှစ်ရက်တာ အစည်းအဝေး ဒီဆုံးဖြတ်ချက် ငါးချက်ထဲမှာဆိုရင် အကျဉ်းချုံး ပြောမယ်ဆိုရင် လာမည့် ဒီ UPC ပေါ့နော် ဘယ်လိုကျင်းပမလဲ၊ နောက်တော့ ကျနော်တို့ ကျင်းပတဲ့ အခါကျရင် ဘယ်အချက်ကို အဓိက ထားပြီး လုပ်ကြမလဲဆိုတာ အသေးစိတ် စဉ်းစားကြတယ် ဆွေးနွေးကြတယ်၊ နောက်ပြီးတော့ ကျနော်တို့ အသေးစိတ် အလုပ်အဖွဲ့ လာမည့် ၂၈ အလုပ် အဖွဲ့ထဲမှာလည်း ပိုပြီးတော့ တစ်ဘက်က အစိုးရ အဖွဲ့နဲ့လည်း ကျနော်တို့ အသေးစိတ် ပြန်ပြီးတော့ ဆွေးနွေးဖို့လည်း လမ်းညွှန်ချက် ချထားပါတယ်။"

အစည်းအဝေးအပြီးမှာတော့ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ကြီး ယွက်စစ် က တရုတ်ပြည်သူ့ သမ္မတ နိုင်ငံရဲ့ သမ္မတ ရှီကျင့်ဖျင် ချစ်ကြည်ရေးခရီးစဉ် မြန်မာနိုင်ငံကို လာရောက်တဲ့အပေါ် လှိုက်လဲစွာ ကြိုဆိုကြောင်းနဲ့ အောင်မြင်တဲ့ ခရီးစဉ် ဖြစ်ပါစေကြောင်း ပြောကြားလိုက်ပြီး ဒီခရီးစဉ်မှာ နှစ်နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းစေလိမ်မယ်လို့လည်း ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှု အစီအစဉ်အရ လာမည့် ဖေဖော်ဝါရီလကုန်ပိုင်းမှာ တရုတ်နိုင်ငံကို လေ့လာရေး ခရီးစဉ်အဖြစ် သွားရောက်ကြဖို့ ရှိတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။