ပီအာ စနစ် ဟောပြောပွဲ နတ္တလင်းမြို့မှာ ကျင်းပ
2014.08.17

"ပီအာ ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်" အကြောင်း ဆွေးနွေးဟောပြောပွဲကို ပဲခူးတိုင်းဒေသ ကြီး နတ္တလင်းမြို့ သာစည်ရပ်ကွက်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
နတ္တလင်းမြို့နယ်က ပြည်သူတွေအနေနဲ့ ပီအာစနစ် ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သိရှိအောင် အခုလို ဟောပြောပွဲတွေ ကျင်းပတာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခင်အေး က ပြောပါတယ်။
"ပီအာစနစ်နဲ့ ပတ်သက်ပြီးတော့ မြို့ နယ်ကပြည် သူအများ ကျေကျေနပ်နပ် သဘောပေါက် ပြီးတော့ ပီအာစနစ်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေနဲ့ ကျနော်တို့ ဒီနေ့ ပီအာ စနစ်သည် ကျနော် တို့မြန်မာနိုင်ငံ လက်ရှိအခြေအနေနဲ့ ကျင့်သုံးဖို့ ကိုက်ညီခြင်းရှိ၊ မရှိနော်၊ သင့်တော်မှှု ရှိ၊ မရှိနော်၊ နောက်တစ်ခုက ဒီပီအာစနစ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မြို့နယ်ပါတီဝင်များနဲ့ တကွ ပြည်သူအပေါင်းသဘောပေါက် နားလည်ပြီးတော့မှ လိုအပ်လို့ရှိရင် ပီအာစနစ်ကို မကျင့်သုံးဖို့၊ ကျနော်တို့က လူထုလှှုပ်ရှားပွဲနဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ လုပ်သင့်ရင် လုပ်ရပါလိမ့်မယ်၊ ဒါကြောင့်မို့လို့ ဒါကျနော် ပြည်သူအများကို သိရှိအောင် ကျနော်တို့ ဒီဟောပြောပွဲကြီးကို ကျင်းပတာဖြစ်ပါတယ်"
အဲ့ဒီဟောပြောပွဲမှာ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးအေးသာအောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်၊ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကျော်အောင်၊ စာရေးဆရာ ဦးထင်လင်းဦး၊ ဒီလှိုင်းစာစောင် တာဝန်ခံအယ်ဒီတာ ဖျာပုံနီလုံဦး၊ နိုင်ငံရေးဆောင်းပါး ရေးသားသူ ဦးစိုးအုပ်တို့က ပီအာစနစ်ရဲ့ကောင်းကျိုး ဆိုးကျိုးတွေကို ဟောပြောခဲ့ပါတယ်။
ဒီဟောပြောပွဲကို နတ္တလင်း၊ ဇီးကုန်း၊ ပြည်၊ ပေါင်းတည်၊ ရွှေတောင် စတဲ့ ၁၄ မြို့နယ်က ဒေသခံပြည်သူ ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
မနေ့တုန်းကလည်း "ပီအာ ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်အကြောင်း သိကောင်းစရာ" ဟောပြော ပွဲကို ရန်ကုန်အရှေ့ပိုင်းခရိုင်မှာရှိတဲ့ ဗိုလ်တထောင်၊ ပုဇွန်တောင်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် သုံး မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။