အဓိကရုဏ်းတွေ ငြိမ်းချမ်းစေဖို့ ဘာသာပေါင်းစုံ ဆုတောင်း
2013.03.28

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အဓိကရုဏ်းတွေ ငြိမ်းအေးစေဖို့ ရည်ရွယ်ချက်နဲ့ ဘာသာပေါင်းစုံက ဘာသာရေးခေါင်း ဆောင်တွေ စုပေါင်းပြီး Pray For Myanmar ခေါင်းစဉ်နဲ့ တရားဟောဆုတောင်းပွဲတစ်ရပ်ကို ဒီကနေ့ ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ YMCA ခန်းမမှာ ကျင်းပခဲ့ပါတယ်။
ဒီဆုတောင်းပွဲနဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူတစ်ဦးအပါအဝင်ဖြစ်တဲ့ Myanmamr Youth environment က ကိုသက်ဆွေဝင်းက အခုလိုပြောပါတယ်။
"မြန်မာနိုင်ငံက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ သမိုင်းတလျှောက်မှာ နေထိုင်လာခဲ့တာ သက်တမ်းကြာလှပါပြီ၊ ဓလေ့ထုံးတမ်းမတူညီတဲ့လူမျိုးတွေ ငြိမ်းငြိမ်းချမ်းချမ်း အတူတူနေထိုင်သွားကြတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံရဲ့ စံနှုန်းတွေ နိုင်ငံသားတွေရဲ့ နိုင်ငံရေးရင့်ကျက်မှုတွေကို ထောက်ပြနိုင်တဲ့ စံညွှန်းတွေဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်၊ တိုင်းပြည်ပြောင်းလဲရေးမှာ အဟန့်အတား မဖြစ်စေဖို့ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ အခုလက်ရှိဖြစ်ပွားနေတဲ့ ဘာသာရေး ပဋိပက္ခတွေ လူမျိုးရေး ပဋိပက္ခတွေ ရှဲကြဖို့အတွက် မျှော်လင့်ပါတယ်"
ဒီအစီအစဉ်ကို ဘာသာပေါင်းစုံက လူငယ်တွေ ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဘာသာဘက်က မင်းကွန်းတောရတိပိဋက ဆရာတော် ဦးကောဏိည၊ ခရစ်ယာန်ဘာသာက သိက္ခာတော်ရဆရာတော် ရယ်ဂျီနယ် ဘန်နတ်သ်၊ ဟိန္ဒူဘာသာမှ ဘာသာရေးခေါင်းဆောင် ဦးအောင်နိုင်နဲ့ အစ္စလာမ်ဘာသာက ဘာသာရေးခေါင်းဆောင် ဦးအေးလွင်တို့က တရားဟော ဆုတောင်းတာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဘလော့ဂါ စာရေးဆရာနေဘုန်းလတ်အပါအဝင် ဘာသာအသီးသီးက လူငယ်တွေကလည်း မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆန္ဒတွေထုတ်ဖော်ခဲ့ကြပါတယ်။