ဒီမိုကရေစီရဲ့ အန္တရာယ်တွေကို သမ္မတ ပြောကြား
2018.09.15
ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစား လုပ်သူတွေ၊ ဒီမိုကရေစီကျင့်စဉ်နဲ့ မညီညွတ်တဲ့ နည်းလမ်းနဲ့ ပြည်သူ့အာဏာကို ရယူဖို့ ကြိုးစားသူတွေဟာ ဒီမိုကရေစီရဲ့ အန္တရာယ်တွေဖြစ်တယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော် လွှတ်တော်မှာ ဒီနေ့ ကျင်းပရာမှာ သမ္မတက ထည့်သွင်း ပြောကြားသွားတာပါ။
သမ္မတ ဦးဝင်းမြင့် ရဲ့ သဝဏ်လွှာကို ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး အခုလို ဖတ်ကြားခဲ့ပါတယ်။
"ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစား လုပ်သူများ၊ ဒီမိုကရေစီကျင့်စဉ်နဲ့ မညီညွတ်တဲ့ နည်းလမ်းနဲ့ ပြည်သူ့အာဏာကို ရယူဖို့ ကြိုးစားသူများဟာ ဒီမိုကရေစီရဲ့ အန္တရာယ်များ ဖြစ်ပါတယ်"
ဒါ့အပြင် ဒီမိုကရေစီ အတုအယောင်တွေရဲ့ အန္တရာယ်တွေကိုလည်း ဂရုစိုက်ဖို့လိုတယ်လို့ သဝဏ်လွှာမှာ ပါရှိပါတယ်။
အစိုးရဆိုတာဟာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ တခြားသော နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ အတူယှဉ်တွဲနေထိုင်တဲ့ အခြေခံကျတဲ့ အဖွဲ့တစ်ခုသာဖြစ်တယ်လို့ ပြောပါတယ်။
၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆောင်ပုဒ်ကတော့ "ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိ ဆောင်ရွက်ပေး" လို့ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာ ပေးပို့ခဲ့သလို NLD ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် တခြားပါတီတွေကလည်း စာတမ်းတွေ ဖတ်ကြားခဲ့ပါတယ်။
၈ ကြိမ်မြောက်ကျင်းပတဲ့ ဒီပွဲကို ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်ထောင်စုဝန်ကြီးတချို့၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေလည်း တက်ရောက်ကြပါတယ်။