ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်း လွှတ်တော်မှာ တင်သွင်း
2013.03.07

သတင်းမီဒီယာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က မတ်လ ၇ ရက် ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းလိုက်ပါတယ်။
ဒီကနေ့ လွှတ်တော်မှာ တင်သွင်းတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းဟာ လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဝေခွင့်ကို ကန့်သတ်တဲ့ ဥပဒေကြမ်း မဟုတ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်က ပြည်သူ့လွှတ်တော်မှာ အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ယခုရေးဆွဲတင်ပြတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေဟာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် လွတ်လပ်စွာပြော ဆိုခွင့်၊ ရေးသားထုတ်ဝေခွင့်တို့ကို ဟန့်တားနှောင့်ယှက်ခြင်း လုံးဝမရှိစေပဲ ပုံနှိပ်သူ၊ ထုတ်ဝေသူနဲ့ စာနယ်ဇင်းသမားများ အားလုံးအတွက် လုံခြုံစိတ်ချရမှုနဲ့ လုပ်ငန်းလွယ်ကူ အဆင်ပြေစေမှုတို့ကို အဓိကထားပြီး အနာဂတ်ကာလ စာပေအဆိပ်အတောက်ကင်းစင်စွာ ရှင်သန်ဖွံ့ဖြိုးနိုင်ရေး မျှော်မှန်း ချက်နဲ့ ရေးသားထားတဲ့ ဥပဒေကြမ်းဖြစ်တဲ့အတွက် လက်ခံစဉ်းစားပေးနိုင်ပါရန် လေးစားစွာ အဆိုတင်သွင်းအပ်ပါတယ် ခင်ဗျာ”
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြန်လည်ပြင်ဆင်မယ့် အပိုဒ်၊ အပိုဒ်ခွဲတွေကိုတော့ လာမယ့် မတ်လ ၁၈ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမယ့်အကြောင်းလည်း ဆွေးနွေးခဲ့ပါတယ်။
ဒီဥပဒေကြမ်းကို သဘောမတူကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများအဖွဲ့က မတ်လ ၁ ရက်နေ့ နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြီး ကန့်ကွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာများအဖွဲ့က ဆရာမောင်ဝံသက ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းသတင်းမီဒီယာတွေနဲ့ အကြေအလည် ဆွေးနွေးပြီးမှသာ လွှတ်တော်ကို တင်ပြသင့်တယ်လို့ ယူဆကြောင်း အခုလိုပြောပါတယ်။
“ကျနော်တို့ သဘောဆန္ဒကို ပြောရမယ်ဆိုရင်တော့ သတင်းမီဒီယာ လောကသားတွေ ပြေပြေလည်လည်နဲ့ ပါဝင်ဆွေးနွေး၊ ထောက်ပြစရာရှိတာတွေ ထောက်ပြ၊ ဖြုတ်ပယ်သင့် တာတွေ ဖြုတ်ပယ်၊ ပြင်သင့်တာတွေ ပြင်ဆင်ဖို့၊ ဖြည့်စွက်သင့်တာတွေ ဖြည့်စွက်ဖို့ ဒီလိုဆန္ဒတွေပေးပြီးတော့မှ အဲဒါကို လွှတ်တော်ကို ရောက်စေချင်တယ်၊ ဒါမှ လွှတ်တော် ကိုယ်စားလှယ်ကြီးတွေလည်း ကျေကျေနပ်နပ် ပြည့်ပြည့်စုံစုံနဲ့ ဒီလိုလေ့လာနိုင်တယ်လို့ ကျနော်တို့ယူဆပါတယ်”
ဒီကနေ့ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည် လွှတ်တော်မှာ အဆိုတင်သွင်းတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းဟာ အစိုးရသစ်လက်ထက်မှာ ရတောင့်ရခဲ မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ ဥပဒေကြမ်းဖြစ်တယ်လို့ ပြည်တွင်း၊ ပြည်ပမီဒီယာ အဖွဲ့အစည်းတွေက ဝေဖန်နေကြပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ သတင်းမီဒီယာတွေက သူတို့ကန့်ကွက်ကြောင်း တင်ပြချက်ကို သတင်းမီဒီယာအသီးသီးက စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကို တင်ပြသွားဖို့ စီစဉ်နေကြပါတယ်။