တောင်ငူထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး တိုက်ပိတ် ပြစ်ဒဏ်ပေးခံရ
2011.02.24

အာဏာပိုင်တွေက အကြောင်းပြချက် တစုံတရာ မပေးပေမဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သဘောထား ကြေညာချက်နဲ့ အများကြီး ဆက်စပ်နိုင်တယ်လို့ ဆွေမျိုးတော်စပ်သူတဦးက RFA ကို ပြောပါတယ်။
“ပထမ သူတို့ ၄ တိုက်မှာ ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြစ်ဒဏ်တိုက်လို့ ခေါ်တဲ့ ၅ တိုက်ကို ပြောင်းရွှေ့မှုတွေ ထောင်ထဲမှာ ဖြစ်နေတယ်။ သူက ဘာမှ အကြောင်းပြချက်တော့ မပြဘူးပေါ့။ အဲဒီမှာ အပြောင်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကတော့ ဦးအေးဆွေ၊ ဦးဂေါသိတ ခေါ် ကျော်ရှိန်၊ အောင်ဇေဖြိုး၊ အောင်အောင်၊ မြသန်းထိုက်၊ သန်းထိုက်အောင်၊ စောမြင့်နိုင်၊ မျိုးမြင့် ခေါ် ကိုရင်၊ နောက် မျိုးသန့်၊ ရဲကျော်သူ ခေါ် ပဲတဲ၊ ဝင်းကိုနဲ့ ကျော်ရဲဝင်းတို့ ဖြစ်တယ်။”
ဒီနိုင်ငံရေးအကျဉ်းသား ၁၂ ဦးရဲ့ ကြေငြာချက်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ကြိုဆိုကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနဲ့ လူမှုရေးကိစ္စတွေ လုပ်ဖို့ NLD ပါတီက သဘောထား ရှိတာကို ကြိုဆိုထောက်ခံကြောင်း ပါဝင်တယ်လို့ သိရပါတယ်။