ကိုးကန့်၊ ပလောင်၊ ရခိုင် တပ်မတော်တို့နဲ့ အလွတ်သဘော စတင်ဆွေးနွေးမည်


2016.04.20
ncct-nainghanthar-620.jpg ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ ဦးနိုင်ဟံသာ ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လာနိုင်ရေးအတွက် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ ကိုးကန့်အဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ MNDAA နဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့တွေနဲ့ တပ်မတော်ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ တာဝန်ပေးထားတဲ့ အငြိမ်းစား ဒုတိယဗိုလ်ချူပ်ကြီး ခင်ဇော်ဦး တို့ လာမည့်မေလ ပထမ ပတ်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော စတင်တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ ဦးနိုင်ဟံသာ က အခုလို ပြောဆိုပါတယ်။

"ဒါကလည်း အလွတ်သဘောပဲ၊ ကန့်သတ်ထားတာတော့ရှိတယ်၊ သို့သော်လည်း UNFC အနေနဲ့လည်း မဟုတ်သေးဘူးပေါ့ဗျာ၊ အဓိကကတော့ သူတို့လက်မခံတဲ့သုံးဖွဲ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး နဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါမှဖြစ်မယ်လို့ တို့ကလည်း ရပ်တည်ထားတာကိုး၊ ပါနိုင်ဖို့နည်းလည်းပေါ့ဗျာ သူတို့က အလွတ်သဘောအနေနဲ့ လာပြီးတော့နည်းလမ်းရှာတဲ့ သဘောတော့ရှိတယ်"

အခုလို တွေ့ဆုံအဖြေရှာနိုင်ဖို့အတွက် ယခင်မြန်မာငြိမ်းချမ်းရေးစင်တာ MPC က အကြံပေး အရာရှိ ဦးလှမောင်ရွှေနဲ့ မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဌ ဦးနိုင်ဟံသာတို့ ကြားဝင်ညှိနှိုင်းဆောင်ရွက်နေတာဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့အနေနဲ့ တွေ့ဆုံဖို့မရှိပေမယ့် UNFC ထဲက အဖွဲ့ဝင်တချို့နဲ့ အလွတ်သဘော တွေ့ဆုံသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်တွေဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဘက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ထိုးမယ့်ကိစ္စမှာ အားလုံးပါဝင်ရေးမူကို လက်ကိုင်ထားခဲ့တဲ့အတွက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က အစိုးရနဲ့ ချူပ်ဆိုခဲ့တဲ့ NCA သဘောတူစာချူပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့သာ လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။