ပြည်ထောင်စုလွှတ်တော် နာယက တာဝန်လွဲှပြောင်း


2018.08.01
tikhunmyat-622.jpg ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် ကို တွေ့ရစဉ်
Photo: Myanmar Union Parliament - facebook

လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံသားအားလုံး တည်ဆဲဥပဒေတွေကို လေးစားလိုက်နာ ဖို့ ပြည်ထောင်စုလွှတ်တော် နာယက တာဝန်လွဲှပြောင်းရရှိတဲ့ ဦးတီခွန်မြတ်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် လပေါင်း ၃၀ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ဒီနေ့ နာယက တာဝန် လွှဲပြောင်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဦးတီခွန်မြတ် က နှုတ်ခွန်းဆက်စကား ပြောကြားရာမှာ အခုလိုပြောခဲ့တာဖြစ်ပါတယ်။

"ဥပဒေပြုလွှတ်တော်များဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းစေတဲ့ အကာ အကွယ်ပေးနိုင်တဲ့ ဥပဒေများ ပြဌာန်းပေးရမှာဖြစ်သလို အုပ်ချုပ်ရေး တရားစီရင်ရေးနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း ပြဌာန်းထားတဲ့ တည်ဆဲဥပဒေ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အကောင်အထည်ဖော်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ညီညွှတ်စွာပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များ အပါ အဝင် နိုင်ငံသားအားလုံးကလည်း တည်ဆဲဥပဒေများကို လိုက်နာပြီး တာဝန်ကျေပွန်မှု တာဝန်ခံမှု စည်းကမ်းရှိမှုများနဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်"

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေးအာဏာတွေကို အချင်းချင်း အပြန်အလှန်ထိန်းကျောင်းပြီး မှန်ကန် မျှတစွာ ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ပြည်သူတွေအပေါ် တာဝန်ကျေပွန်ဖို့၊ စေတနာမှန်ကန်စွာ ဆောင်ရွက်ဖို့၊ ဖွဲ့စည်းပုံဆိုင်ရာဥပဒေ လွှတ်တော် ဥပဒေတွေနဲ့ တည်ဆဲဥပဒေတွေကို လိုက်နာစောင့်ထိန်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို မှာကြားခဲ့ပါတယ်။

နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးဖြစ်ထွန်းမှုကို ရည်ရွယ်ပြီး ပါတီစွဲ၊ ဒေသစွဲ၊  လူမျိုးစွဲ၊ ဘာသာအယူဝါဒစွဲတွေ မထားဘဲ ပူးပေါင်းဆောင်ရွက်ဖို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ချက်ချင်းပြောင်းလဲတာကို ပြည်သူတွေက မြင်တွေ့လိုပေမယ့် ဒီမိုကရေစီရဲ့ ပင်ကိုအခြေခံသဘောတရားအရ လက်ငင်းအဖြေထွက်ဖို့ထက် အချိန်ကာလတစ်ခုယူဖို့ လိုအပ်ကြောင်း၊ ၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကလွဲပြီး တခြားစနစ်မရှိကြောင်း ပြောခဲ့ ပါတယ်။

နာယက တာဝန်လွှဲပြောင်းတဲ့အခမ်းအနားကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေ တက်ရောက်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။