ဦးတီခွန်မြတ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ
2018.03.22
လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် အရင်က ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးတီခွန်မြတ်ကို ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မဲခွဲပြီး ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန်ကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ ဦးထွန်းထွန်းဟိန်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် ရွေးချယ်တင်မြှောက်နိုင်တယ်လို့ မနေ့ကအထိ NLD ပါတီဘက်က ထင်ကြေးပေးခဲ့ကြပေမယ့် NLD ပါတီဝင် မဟုတ်တဲ့ ဦးတီခွန်မြတ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဦးတီခွန်မြတ်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ကနေ ၂ဝ၁ဝ နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်မှာ USDP ပါတီကနေ နုတ်ထွက်ခဲ့ပါတယ်။
ကချင်တိုင်းရင်းသား ဦးတီခွန်မြတ်ဟာ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ဇာတိဖြစ်သလို ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကနေ ဥပဒေဘွဲ့ ရရှိခဲ့သူဖြစ်ပြီး ကွတ်ခိုင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပါတယ်။
၂ဝဝ၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်ရေးမှတ်တမ်းအရ သိရပါတယ်။