ပျူခံတပ်မြို့ဟောင်းလို့ ယူဆရတဲ့ အုတ်မြို့ရိုး တွေ့ရှိ
2017.12.07

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သင်္ဃန်းဆွဲအုပ်စု၊ နဘဲကန်ရွာနားမှာ စမုံမြစ်ရေတိုက်စားတာကြောင့် ပေါ်လာတဲ့ ပျူခံတပ်မြို့ဟောင်းလို့ ယူဆလို့ရတဲ့ အုတ်ရိုးတွေကို တွေ့ရတယ်လို့ ရှေးဟောင်းဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောပါတယ်။
ရှေးဟောင်းပျူမြို့တော်တွေရဲ့ ခံတပ်ဖွဲ့စည်းပုံတွေနဲ့ အုတ်ရိုးမှာသုံးထားတဲ့ အုတ်ချပ်အရွယ်အစားတွေနဲ့ တခြား ပျူခံတပ်မြို့တွေမှာ သုံးထားတဲ့ အုတ်အရွယ်အစားတွေနဲ့ တူညီနေတာကြောင့် အဲဒီလိုယူဆတာဖြစ်တယ်လို့ တမ္ပဝတီ ဦးဝင်းမောင် က ပြောပါတယ်။
"အဓိကကတော့ ပျူမြို့တော်ကြီးတစ်မြို့မှာ အရပ်ရှစ်မျက်နှာကနေပြီးတော့ ကင်းစခန်းပေါ့၊ အခုအရပ်ပြော ဆိုလို့ရှိရင် ခံမြို့ ရှစ်မြို့ရှိတာ။ အရပ်ဒေသနဲ့ တွက်ကြည့်လိုက်လို့ရှိရင် စမုံဒေသက ပင်လယ်လို့ခေါ်တဲ့ ပျူမြို့ကြီးရဲ့ အနောက်၊ နောက်တောင်ထောင့် ခံမြို့နေရာဖြစ်နေလို့ အဲဒါတစ်ကြောင်းပေါ့နော်။ နောက်တစ်ခုက ခံမြို့မှာ သုံးထားတဲ့ အုတ်အရွယ်အစားတွေက တခြားခံမြို့တွေမှာသုံးထားတဲ့ အုတ်အရွယ်အစားတွေနဲ့ တူပါတယ်။ အဲဒီအချက် နှစ်ခုကြောင့်ပါ"
စမုံမြစ် ကမ်းပါးတိုက်စားတာကြောင့် နိုဝင်ဘာ ဒုတိယအပတ်လောက်မှာ အဲဒီမြို့ရိုးကို ဒေသခံတွေ တွေ့ရှိခဲ့ တာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာ သွားရောက်လေ့လာခဲ့တာလို့ ပြောပါတယ်။
တွေ့ရှိထားတဲ့ မြို့ရိုးတွေဟာ အေဒီ ၅ ရာစုလောက်က တည်ထောင်ခဲ့တဲ့ ပျူခံတပ်မြို့ဟောင်းတွေ ဖြစ်နိုင်တယ် လို့လည်း ပြောပါတယ်။
အဲဒီအုတ်မြို့ရိုးတွေဟာ မြေအောက်အနက် ၆ ပေလောက်အထိ ရှိနေတာကြောင့် တူးဖော်ဖို့လည်း အခက်အခဲ ရှိတယ်လို့ သိရပါတယ်။
အဲဒီအုတ်မြို့ရိုးကို ဒေသခံတွေ တူးဖော်တာတွေမလုပ်အောင် နဘဲကန်ရွာက အထက်တန်းကျောင်းမှာ ရှေးဟောင်းပစ္စည်းနဲ့ပတ်သက်တဲ့ အသိပညာပေးဟောပြောတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။