ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော် အင်အားဖြည့်
2017.08.10

အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေကို တပ်မတော်က အင်အားအများအပြား ပို့ဆောင်နေပါတယ်။
တပ်မတော်နဲ့နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်သမားတွေကို ကိုင်တွယ်ရှင်းလင်းဖို့ အတွက် တပ်မနှစ်ခုက ဗျူဟာနှစ်ခုကို အခုလို အလုံးအရင်းနဲ့ အင်အားဖြည့်နေတာလို့ ဆိုပါတယ်။
ဒီကနေ့ စစ်တွေလေဆိပ်ကို ရောက်ရှိလာတဲ့ တပ်မတော်သားတွေကို စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်းကနေ ဒီနေ့ နေ့လည်ပိုင်းမှာ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် ဒေသတွေကို ရေလမ်းကနေ ဆက်လက် ပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဘက်တွေမှာ ကျေးရွာလုံခြုံရေးတွေအတွက် အခြားတိုင်းနဲ့ ပြည်နယ် အချို့က ရဲတပ်ရင်းတွေနဲ့ပါ တိုးမြှင့်ချထားတယ်လို့လည်း သိရပါတယ်။
မောင်တောမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ယခင်ထုတ်ပြန်ထားတဲ့ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ကို မနေ့က စတင်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက နောက်ထပ်သက်တမ်း ၂ လ ထပ်မံတိုးမြှင့်လိုက်ပါတယ်။