တပ်မတော် နယ်မြေရှင်းလင်းမှု၊ ဒုက္ခသည်တွေ ထပ်တိုးနိုင်
2020.06.29
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဖို့အတွက် ဒေသခံတွေကို ခတ္တ ရှောင်ပေးဖို့ ညွှန်ကြားချက် ထုတ်ထားတာဟာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို နေရပ်က မောင်းထုတ်ခံရတဲ့ ဖြစ်စဉ်မျိုး ထပ်ဖြစ်လာနိုင်တဲ့အတွက် မြန်မာစစ်တပ်ကို အချိန်မီ မတားဆီးနိုင်ရင် ထောင်နဲ့ချီတဲ့ ရခိုင်ဒုက္ခသည်တွေ ထပ်တိုးလာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ Refugee International အဖွဲ့က ကြေညာချက်ထုတ်ပြီး သတိပေးလိုက်ပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျောက်တန်းကျေးရွာနဲ့ အနီးတဝိုက်က ကျေးရွာတွေမှာ ရှိတဲ့ AA တပ်ဖွဲ့တွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ဖို့ ရှိတဲ့အတွက် ဒေသခံတွေကို ဘေးလွတ်ရာ တိမ်းရှောင်ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနဲ့ လုံခြုံရေး၀န်ကြီးက ဇွန်လ ၂၄ရက်နေ့က တရားဝင် စာထုတ်ပြီး အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
ဒီလို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ဖို့ တရားဝင် အကြောင်းကြားစာထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး၊ အထူးပဲ စိုးရိမ်ပူပန်မိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနေတဲ့အဖွဲ့ Refugee International က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်လို့ Refugee International အဖွဲ့က Daniel Sullivan က အခုလို ပြောပါတယ်။
“ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေး လုပ်ဖို့အတွက် ဒေသခံတွေကို တိမ်းရှောင်ခိုင်းထားတာနဲ့ ပတ်သက်လို့ Refugee International အဖွဲ့အနေနဲ့ အထူးပဲ စိုးရိမ်မိပါတယ်။ ဒါဟာ သိပ်မကြာသေးခင်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ အလားတူ ဖြစ်လာမယ့် အရိပ်အယောင်တွေပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက လူမျိုးတုံးသတ်ဖြတ်မှုထက် မလျော့တဲ့ ရာဇဝတ်မှုကြောင့် ရိုဟင်ဂျာ ၇ သိန်းလောက် နေအိမ်စွန့်ခွာပြီး ထွက်ပြေးခဲ့ကြရပါတယ်။ အခုလဲ ဒီ နယ်မြေရှင်းလင်းရေး လုပ်မယ်ဆိုတဲ့ သတင်းကြားတာနဲ့တင် ဒေသခံ ထောင်နဲ့ ချီပြီး နေအိမ်စွန့်ခွာ ထွက်ပြေးနေရပါပြီ။ မကြာခင်မှာပဲ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းမှာတင် စစ်ပြေးဒုက္ခသည်တွေ ထပ်ရှိလာမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီထက်မကပဲ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အထိ ထပ်ထွက်ပြေးလာကြတာတွေလည်း ရှိလာနိုင်ပါတယ်”
ဒီ ထုတ်ပြန်ချက် နဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ ကလည်း စိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး၊ သက်ဆိုင်ရာတပ်ဖွဲ့တွေ အနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို လေးစား လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
အလားတူ မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့ သြစတြေးလျ သံရုံးတွေကလည်း “တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအပေါ် စိုးရိမ်ကြောင်း” အသီးသီး ထုတ်ပြန် ကြေညာထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဆက်တိုက် ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာနဲ့ ပတ်သက်ပြီး၊ Refugee International အဖွဲ့က Daniel Sullivan က ခုလို အကြံပြု ပြောကြားပါတယ်။
“ ဒါက စစ်ခေါင်းဆောင်တွေကို အရေးယူလို့ မရပဲ ဖြစ်နေတာကို ဆက်ပြီး ခွင့်ပြုထားမယ်ဆိုရင် ဆက်ဖြစ်လာတာပါ။ ဒါကြောင့် လူတွေ ထပ်ပြီး ဘေးအန္တရာယ်ရှိတဲ့ အခြေအနေကို တွန်းပို့နေတာပါ။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေဟာ တိုင်းရင်းသား လူနည်းစုတွေအပေါ် ပစ်မှတ်ထားလုပ်ဆောင်လေ့ရှိပြီး၊ အရင်ကလည်း နယ်မြေရှင်းလင်းရေး လုပ်တိုင်း ကောင်းတဲ့ရလဒ် ထွက်မလာပါဘူး။ ဒါကြောင့်မို့ ဒီလို လုပ်ရပ်တွေကို လုံးဝ ရပ်တန့်ဖို့ လိုပါတယ်။ အထူးသဖြင့် အမေရိကန် နဲ့ ကျန်ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ အတိတ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ခံမှုရှိအောင် လုပ်ဖို့ လိုပါတယ်"
မနေ့ကတော့ ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့ အနီးတဝိုက်မှာ နယ်မြေရှင်းလင်းရေးလုပ်မယ့် အစီအစဉ်ကို ပြန်ရုပ်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပေမယ့် ဒေသခံ အနည်းဆုံး တစ်သောင်းလောက်ဟာ ရသေ့တောင်၊ စစ်တွေနဲ့ နီးစပ်ရာ မြို့နယ်တွေကို ထွက်ပြေးခဲ့ကြတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တာဝန်ခံခိုင်းဖို့အတွက် ပထမဆုံးအနေနဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ်ခေါ်ဆိုဖို့နဲ့ နောက်တဆင့်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာတွေ ပြန်လာနိုင်တဲ့ အခြေအနေ ဖြစ်အောင် လုပ်ပေးဖို့ မြန်မာနိုင်ငံကို ဆက်လက်ပြီး ဖိအားပေးဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မိုက််ခပွန်ပီယိုကို တိုက်တွန်းထားတယ်လို့Refugee International ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။