ရခိုင်အကြံပေးကော်မရှင် စစ်တွေမြို့ ရပ်မိရပ်ဖတွေ၊ ဒုက္ခသည်တွေ နဲ့ တွေ့ဆုံ


2016.09.07
kofiannan-rakhine-refugees-620.jpg ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နဲ့အဖွဲ့ စစ်တွေမြို့အနီးက ရခိုင်ဒုက္ခသည်စခန်း တာဝန်ရှိသူတွေနဲ့ စက်တင်ဘာလ ၇ ရက်နေ့က တွေ့ဆုံစဉ်
Photo: Win Naing/RFA

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်နဲ့ ကော်မရှင်အဖွဲ့ဝင်တွေဟာ ဒီနေ့မနက် က အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံခဲ့သလို မင်းဂံရပ်ကွက်က ရခိုင်ဒုက္ခသည်စခန်းမှာလည်း ဒုက္ခသည်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေနဲ့ ဒေသခံရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကိုပါ နားလည်သဘောပေါက်အောင် နားထောင်ပေးဖို့ တင်ပြခဲ့တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ဒုက္ခသည် စခန်းစီမံခန့်ခွဲရေးကော်မတီဝင် ဦးလုံးမောင်က ပြောပါတယ်။

"သူတို့ကက ရခိုင်ကိုလာတယ်၊ ရခိုင်မှာ နှစ်ရက်လောက်ပဲ နေတယ်ဆိုတော့ ရခိုင်အကြောင်းကို မပြောနဲ့ ဒီစစ်တွေ အကြောင်းတောင် သူနှံ့နှံ့စပ်စပ်သိမှာ မဟုတ်ဘူး၊ နားတဖက်တည်းနဲ့ နားမထောင်နဲ့ဆိုတာ သူတို့က မွတ်စလင် အသိုင်းအဝိုင်းကို နားထောင်ပေးနေတာကိုး အခွင့်အရေးပေးနေတယ်ဆိုတော့ ကျနော်တို့ ရခိုင်ပြော တဲ့စကားတွေကျတော့ သူတို့အများကြီး မကြားဘူးလေ၊ အဲ့တော့ နားနှစ်ဖက်နဲ့ နားထောင် ပြီး အေးအေးဆေးဆေး ဆုံးဖြတ်ပါလို့ ကျနော်အဲ့လိုပြောခဲ့တယ်"

မစ္စတာကိုဖီအာနန်က ရခိုင်တိုင်းသားတွေနဲ့ မွတ်စလင်တွေ အရင်အတိုင်း အတူယှဉ်တွဲ နေထိုင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ရာမှာ ပြဿနာတွေထပ်ဖြစ်မှာကို စိုးရိမ်တဲ့အတွက် ရခိုင်တိုင်းရင်းသားတွေဘက်က အဲ့ဒီကိစ္စကို ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနပ်ရိက္ခာအဖွဲ့က ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေအပေါ် စားနပ်ရိက္ခာ အကူအညီပေးနေတာတွေကို မကြာခင်ရပ်တန့်ဖို့ ပြင်ဆင်နေတာကို ကန့်ကွက် တဲ့အကြောင်း တင်ပြခဲ့သလို အကူအညီပေးမယ်ဆိုရင် နှစ်ဘက်စလုံးကို ဆက်လက်ပေးဖို့နဲ့ အကူအညီတွေ ရပ်မယ်ဆိုရင်လည်း နှစ်ဘက်စလုံးကိုရပ်ဖို့ ပြောခဲ့ကြတယ်လို့ ပွဲတက်ရောက်ခဲ့သူတွေက ပြောပါတယ်။

အောင်မင်္ဂလာရပ်ကွက်က မွတ်စလင်တွေနဲ့ တွေ့ဆုံရာမှာ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ လွတ်လပ်စွာသွားလာခွင့် ကိစ္စတွေကို အစိုးရက ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဟာ စစ်တွေမြို့အနောက်ဘက်က သက္ကယ်ပြင် မွတ်စလင်ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ နိုင်ငံခြားသားတွေပါဝင်နေတာကို ကန့်ကွက်ကြောင်း မစ္စတာကိုဖီအာနန်နဲ့အဖွဲ့ မနေ့က စစ်တွေမြို့ကိုရောက်ရှိချိန် လေဆိပ်အနီးမှာ ဒေသခံတွေဆန္ဒပြခဲ့ကြသလို ဒီနေ့ နေ့လည်ပိုင်းက ရန်ကုန်ကိုအပြန်ခရီးမှာလည်း လေဆိပ်အနီးမှာ ထပ်မံဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။