အရပ်ဘက်လူမှုအဖွဲ့များ ဆွေးနွေး ပွဲ ကျောက်ဖြူမြို့နယ်မှာ ကျင်းပ


2015.12.18
rakhine-cso-forum-620.jpg ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာကျင်းပနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုးရမ် ဒုတိယနေ့ကို ဒီဇင်ဘာလ ၁၉ ရက်နေ့ က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဆွေးနွေးပွဲကို  ကျောက်ဖြူမြို့နယ်မှာ ဒီနေ့စတင်ကျင်းပရာ မှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ ဖက်ဒရယ်ဒီမိုကရေစီအကြောင်းကို ဥပဒေပညာရှင်တွေ ၊ နိုင်ငံရေးလေ့လာသူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲကို သုံးရက်ကြာ ကျင်းပမှာ ဖြစ်တယ်လို့ ဝံလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းဇံက ပြောပါတယ်။

"မြန်မာနိုင်ငံ တည်ဆောက်မှုမှာ အရပ်ဘက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြ ပါတယ်၊ အခုဒီ ဒုတိယပိုင်းမှာတော့ မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေနဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်၊ ဒီနေ့ ပထမနေ့ဆိုတော့ ဒုတိယ၊ တတိယနေ့တွေမှာလည်း တက်လာတဲ့မြို့နယ်အသီးသီးက အရပ်ဘက်အဖွဲ့အစည်း ၁ဝဝ ပေါ့လေ၊ အဲ့ဒါနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့မှ ကျနော်တို့ ရခိုင်ပြည်ရဲ့ အနာဂတ်ကို ဘယ်လိုပုံဖော်ကြမလဲပေါ့၊ နောက်ဆုံးနေ့မှာတော့ အဖြေတစ်ခုရမှာပါ"

မြန်မာ့သယံဇာတနဲ့ လယ်ယာမြေခွဲဝေမှုဆိုင်ရာ အခွင့်အရေး၊ လူငယ်၊ မူးယစ်ဆေးဝါးနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကိစ္စတွေကို ဆက်လက် ဆွေးနွေးကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီဆွေးနွေးပွဲကနေ ရရှိလာတဲ့ အကြံပြုချက်တွေ၊ ဆွေးနွေးချက်တွေကို လာမယ့် အစိုးရသစ်ထံ အစီရင်ခံစာတစ်စောင် ပေးပို့သွားမှာဖြစ်ပါတယ်။

ရခိုင်အမျိုးသမီးအစည်းအရုံး၊ ဝံလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ကျောက်ဖြူလူမှုကွန်ရက်၊ ရွှေဂက်စ် သဘာ၀ လှုပ်ရှားမှုအဖွဲ့၊ ပြည်သူ့သယံဇာတ စတဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် က ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲက တက်ရောက်ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဦးမောင်မောင်သန်း၊ ဦးမင်းဇင်၊ ဦးဦးလှစော စတဲ့ ပညာရှင်တွေလည်း တက်ရောက်ဆွေးနွေးနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။