ရခိုင်အရေး ပါဝင်ဆောင်ရွက်ဖို့ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ၉ဖွဲ့ ဖွဲ့စည်း


2017.10.22
umfcci-rakhine-622.jpg ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ အောက်တိုဘာလ ၂၁ ရက်နေ့က အစည်းအဝေး ကျင်းပနေစဉ်
Photo: UMFCCI's facebook

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌအဖြစ် ဦးဆောင်ပါဝင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD မှာ လုပ်ငန်းရှင်တွေ ဦးစီးဆောင်ရွက်မယ့် လုပ်ငန်းအဖွဲ့ ၉ ဖွဲ့ ဖွဲ့စည်းဖို့ မနေ့က UMFCCI မှာကျင်းပတဲ့ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဆွေးနွေးဆုံးဖြတ်လိုက်ပါတယ်။

နေရပ်ပြန်လာသူတွေရဲ့ ကျန်းမာရေး၊ စားဝတ်နေထိုင်ရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးတို့ အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ ဦးဆောင်ပြီး လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်ကြည်စိုး က ပြောပါတယ်။

"ပြန်လည်လာမယ့်ပုဂ္ဂိုလ်တွေကို ပြန်လက်ခံဖို့အတွက် ဥပမာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုလိမ့် မယ်။ ကျန်တဲ့လိုအပ်တဲ့ အစားအသောက် ဒါမျိုးလေးတွေအတွက်ကို ကျနော်တို့ working group လေးတွေ ဖွဲ့လိုက်တာပေါ့။ နောက်တစ်ပိုင်းကျတော့လည်း ပြန်လည်နေရာချထားပေးရေးပေါ့။ ပြီးတော့လည်း ဖွံ့ဖြိုးရေးပေါ့။ လုပ်ငန်းကော်မတီလေးကတော့ ကျနော်တို့ UMFCCI မှာ အသေးစိတ်လေးတော့ ရေးထားပါတယ်"

လုပ်ငန်းအဖွဲ့ ၉ ဖွဲ့မှာ ပါဝင်တဲ့ ဆောက်လုပ်ရေးနဲ့ အခြေခံအဆောက်အဦး တည်ဆောက်ရေးလုပ်ငန်းအဖွဲ့ မှာ ရွှေသံလွင် ဦးကျော်ဝင်းကို ပါဝင်ဆောင်ရွက်ဖို့၊ ဦးချစ်ခိုင်အနေနဲ့ စပါးပင်တွေရိတ်သိမ်းဖို့ လယ်ယာသုံးစက်တွေ ပို့ဆောင်ပေးဖို့ အဲဒီအစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်းထားတယ်လို့ ဇေကမ္ဘာဦးခင်ရွှေက ပြောပါတယ်။

တော်ဝင်ကုမ္ပဏီ ဦးကိုကိုထွေး ဘက်ကလည်း နိုင်ငံတကာက စက်မှုဇုန်တွေဖော်ဆောင်ချင်တယ်လို့ အဆိုပြု ထားတာတွေရှိတယ်လို့ အဲဒီအစည်းအဝေးမှာ တင်ပြတာကြောင့် စီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း အဖွဲ့ကို ဦးကိုကိုထွေးအနေနဲ့ တာဝန်ယူပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဦးခင်ရွှေ ကပြောပါတယ်။

ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဌကို ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရေးလုပ်ငန်းအဖွဲ့မှာ ပါဝင်ဆောင်ရွက်ဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီလုပ်ငန်းအဖွဲ့တွေဟာ အောက်တိုဘာလ နောက်ဆုံးအပတ်မှာ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာဖို့ ရှိတယ်လို့လည်း သိရပါတယ်။

UEHRD စီမံကိန်းအတွက် ကမ္ဘောဇ ကုမ္ပဏီလီမီတက်က သိန်း ၃၀၀၀၀ အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၃၀ ကျော်က အလှူငွေ ကျပ်သန်းပေါင်း ၁၇၇၀၀ ကို အောက်တိုဘာလ ၂၀ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။